

ဇွန် ၂၆ ၊ မိုးကုတ်
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ပေါ်က အုန်းကိုင်းရွာသစ်ကျေးရွာကို စစ်ကောင်စီက ဇွန်လ ၂၅ ရက်နေ့ ဗုံးကြဲခဲ့မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
၁၀၂၇ ဒုတိယပိုင်း တစ်နှစ်ပြည့်ခါနီးအချိန်မှာ စစ်ကောင်စီက တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ မြို့တချို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။
“ ကြေးနီတောင်ဘက်ကနေ ဝဲနေပြီးတော့ တဖြည်းဖြည်းဆင်းလာတာ၊ အဲ့ကနေ အုန်းကိုင်းရွာထဲကိုချလိုက်တာ၊ ထိတာကတော့ နှစ်ဦးထိခိုက်တယ် အခုဆေးရုံမှာ ဆေးကုနေရတယ် ၊ ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
TNLA ကလည်း ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၅) လုံးနဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဒီမနက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၂၄ ရက်နေ့မှာလည်း ကျောက်မဲမြို့ပေါ်ကနေရာ ရပ်ကွက်နှစ်ခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၄) ဦးသေဆုံးပြီး (၁၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
TNLA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မိုးကုတ်၊ ကျောက်မဲ ၊ နောင်ချိုမြို့နယ်တွေဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုအများဆုံးသော မြို့တွေထဲမှာပါဝင်ပြီး နောင်ချိုမြို့နဲ့မိုင်အနည်းငယ်အကွာမှာလည်း စစ်ကောင်စီနဲ့ TNLA တို့တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ နောင်ချိုမြို့ရှိ နောင်လင်၊ နောင်အော၊ လုံစံနှင့် နောင်ဖာကျေးရွာတို့ မှာတိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈)လုံးနှင့် လက်နက်ကြီး (၆၈) လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
