ကချင်ပြည်နယ်မှာ လိုင်စင်မဲ့ဝစ်တောက်ယာဉ်များ ဖမ်းဆီးမှုတင်းကြပ်နေ

ဇွန် ၄ ၊ မိုးညှင်း 

လိုင်စင်မဲ့ ( ဝစ်တောက် without)ယာဉ်များသာ စီးနှင်းမှုများပြားတဲ့ ကချင်ပြည်နယ်က မြို့နယ်တွေမှာ စစ်ကောင်စီဘက်မှ ဝစ်တောက်ယာဉ်တွေကို စစ်ဆေးဖမ်းဆီးမှုတင်းကြပ်နေတယ်လို့ ဒေသခံများထံမှသိရပါတယ်။

အခုကဝစ်တောက်ဖမ်းတာ အကုန်လုံးဖမ်းတာ မြန်မာနိုင်ငံအနှံ့ပဲ ရှမ်းပြည်ဘက်မှာလည်းဖမ်းနေတာ အခုလည်းမြစ်ကြီးနား ၊မိုးညှင်းမှာကိုဖမ်းနေတာ’  ဟု ယာဉ်မောင်းတစ်ဦးက ပြောပြပါတယ်။

ကချင်ပြည်နယ်အတွင်းရှိယာဉ်တွေကို  မကြာသေးမီ မတ်လကုန်ပိုင်းကနေ စတင်ဖမ်းဆီးနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ ဖမ်းတယ်ဆိုပေမယ့်လည်း သိတဲ့အတိုင်းပါပဲ အဆက်အစပ်ရှိရင်တော့ပိုက်ဆံကုန်မှာပဲရှိတာ ပြန်ထုတ်လို့ရတာပဲမရတာတော့မရှိဘူး အချိတ်အဆက်ရှိရင်တော့ရတယ် အချိတ်အဆက်ရှိထားလို့လည်း ဒီဝစ်တောက်(without)တွေတင်သွင်းခဲ့တာပဲလေ” ဟု သူက ပြောပါတယ်။

ယခုလို လိုင်စင်မဲ့ယာဉ်များဖမ်းဆီးမှုထဲ မော်တော်ကားများအပြင် မော်တော်ဆိုင်ကယ်များလည်းပါဝင်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မိုးညှင်းမြို့အတွင်းမှာ လိုင်စင်မဲ့မော်တော်ကား(၃)စီးဖမ်းဆီးခံခဲ့ရကြောင်း ဖမ်းဆီးခံရသူနဲ့နီးစပ်သူ မိုးညှင်းမြို့သားတစ်ဦးထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့မှာ မိုးညှင်းမြို့အဝင်မှာ နန့်စီအောင်ကျေးရွာဘက်မှ မိုးညှင်းမြို့ဘက်သို့မောင်းနင်လာတဲ့  လိုင်စင်မဲ့ ကားတစ်စီးကို ဖမ်းဆီးခဲ့ပြီး မောင်းနင်သူတွေဖြစ်တဲ့ ကို ဆန်းထွန်း၊ ကိုပြည့်စိုးအောင်နှင့် ကို ဇင်မင်းဦး တို့ သုံးဦးကို  ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အရေးယူထားပါတယ်။ 

ကချင်ပြည်နယ်အတွင်း အသုံးပြုနေတဲ့ လိုင်စင်မဲ့မော်တော်ကားများကို ကရင်ပြည်နယ် မြဝတီမြို့နယ်နဲ့  ရှမ်းပြည်နယ်ဘက်မှ  တင်သွင်းရောင်းချတာဖြစ်သလို မော်တော်ဆိုင်ကယ််များကိုတော့ တရုတ်နိုင်ငံဘက်မှ တင်သွင်းလာတာဖြစ်ပါတယ်။

မိုးညှင်းမြို့နယ်အပါအဝင် ကချင်ပြည်နယ်က မြို့တွေမှာ   ၂၀၂၃ ခုနှစ် နှစ်စမှာ  လိုင်စင်မဲ့ကားဖမ်းဆီးမှု တစ်ကြိမ်ပြုလုပ်ခဲ့ပြီး တစ်လနီးပါးအကြာမှာ ဖမ်းဆီးမှုတွေရပ်နားခဲ့ကြတာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီက နိုင်ငံအနှံက လိုင်စင်မဲ့ယာဉ်များကို သတင်းအတိအကျရရှိပါက အိမ်တိုင်ရာရောက် ဝင်ရောက်ဖမ်းဆီးမှာဖြစ်ကြောင်း  နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်သတိပေးမှုတွေ  ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *