
မေလ ၁၄ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီဆရာဖြစ်သင်တန်းတွေနဲ့ မွမ်းမံသင်တန်းတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ်တွင်းက မံလူဒေသနဲ့ နမ့်မားဒေသတွေမှာ ပြုလုပ်နေတာဖြစ်ပြီး ရှမ်းနီစာပေ ဆရာဖြစ်သင်တန်းတွေအပြင် လူငယ်ဖွံ့ဖြိုးရေးသင်တန်းတွေလည်း ပါဝင်တယ်လို့ သင်တန်းဆရာ/မ များထံမှ သိရပါတယ်။
“ ဒီနမ့်မားအုပ်စုမှာ ရှမ်းနီစာပေတတ်မြောက်ဖို့အတွက် လာပြီးမှဖွင့်ဖြစ်ပါတယ်။ သင်တန်းပြီးသွားတဲ့မော်ဆွန်တွေကို နမ့်မားဒေသက စာသင်ကျောင်းတွေမှာ ခန့်အပ်သွားဖို့ရှိပါတယ်” လို့ သင်တန်းဆရာမတစ်ဦးက ပြောပါတယ်။
နမ့်မားဒေသမှာ ဖွင့်လှစ်ထားတဲ့ ဆရာဖြစ်သင်တန်းနဲ့ ရှမ်းနီစာပေတတ်မြောက်မှု သင်တန်းမှာ သင်တန်းသား စုစုပေါင်း ၄၃ ဦးရှိပြီး ဆရာဖြစ်က ၁၉ ဦးနဲ့ ရှမ်းနီစာပေလေ့လာသူ ၂၄ ဦးရှိတယ်လို့သိရပါတယ်။
ဒီဒေသမှာမှာ ရှမ်းနီစာပေသင်ကြားနိုင်မှုမရှိတာဟာ ၂၀၂၁ ခုနှစ်ကတည်းကဖြစ်ပြီး ဒီနှစ်မှာမှ ပြန်လည်စတင်ခြင်းဖြစ်တယ်လို့သိရပါတယ်။
မံလူဒေသစိတ် နမ့်ပုံကျေးရွာမှာလည်း ပထမအကြိမ် ရှမ်းနီစာပေနဲ့ရိုးရာယဉ်ကျေးမှု ဆရာမွမ်းမံ နဲ့ လူငယ်ဖွံ့ဖြိုးရေးသင်တန်းတွေ ကို မေလ ၅ ရက်နေ့ကစလို့ တစ်လကြာ ပြုလုပ်နေတာပါ။
ရှမ်းနီဆရာတွေရဲ့ သင်ကြားမှုတွေကို ပိုမိုတိုးတက်လာစေရေးအတွက် မွမ်းမံသင်တန်းတွေပြုလုပ်ပေးတာဖြစ်ပြီး စွမ်းရည်ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်အသီးသီးကိုလည်း ထည့်သွင်းပြီး သင်ကြားပေးနေကြောင်း ဦးဆောင်တဲ့ သင်တန်းမှူးက ဆိုပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းက တိုင်းရင်းသားဘာသာသင်ဆရာ/မ TA/LA တွေဟာ အစိုးရက ထောက်ပံ့တဲ့ လစာတွေ မရရှိတာ ၅ နှစ်ဝန်းကျင်ရှိလာပြီး ကျေးရွာနဲ့ ရှမ်းနီတပ်ဖွဲ့များသာ အဓိကထောက်ပံ့ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
“ TA/LA တွေက လစာမရကြဘူး။ နမ့်မားရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ဆရာမကြီးတွေနဲ့တိုင်ပင်ပြီးတော့ ပိုက်ဆံဆိုလည်း နှစ်သိန်း ၊ ဆန်လေးနဲ့ဆီလေးနဲ့ အဲ့လိုလေးလုပ်ထားပါတယ်။ ကျေးရွာကနေပံ့ပိုးပေးတာပဲ။ ကျေးရွာကနေ လုပ်ဆောင်ပေးနေတာ။” လို့ ရှမ်းနီဆရာမတစ်ဦးကပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရစာသင်ကျောင်းတွေမှာ တိုင်းရင်းသားဘာသာ သင်ကြားနေတဲ့ ဆရာ/မ ( Language Teacher LT) နဲ့ Teacher Assistant (TA) တွေဟာ လစာငွေလုံလောက်မှု မရှိမှုတွေလည်းကြုံနေကြရတာပါ။
စာသင်ကျောင်းတွေမှာ သင်ကြားနေတဲ့ဆရာ/မ ဦးရေနည်းပါးလာတဲ့နေရာမှာ ရှမ်းနီလူငယ်တွေ နဲ့ ရှမ်းနီဘာသာသင် ဆရာ/မတွေက ဝင်ရောက်ကူညီပြီးသင်ကြားပေးနေတာ ငါးနှစ်နီးပါးရှိခဲ့ပြီလည်းဖြစ်ပါတယ်။
