ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၆၁)ခု  ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး  တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၉ ခုရှိ 

ဩဂုတ် ၂၉ ၊ နေပြည်တော် 

စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၆၁ ပါတီရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လာပါတယ်။ 

နိုင်ငံရေးပါတီတွေထဲက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၉ ပါတီရှိပြီး တိုင်းနဲ့ ပြည်နယ်အတွင်းသာ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၅၂ ပါတီရှိနေတာဖြစ်ပါတယ်။ 

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေထဲမှာ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ​၊ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ ၊ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်တဲ့ ကျားဖြူပါတီ ၊ ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ PPP ပါတီ ၊ တစည ပါတီ တို့အပြင် တခြား ပါတီအသစ်တွေလည်း ပါဝင်ပါတယ်။ 

တစ်နိုင်ငံလုံးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မြို့နယ် ၁၀၀ ကျော်မှာ ပါတီရုံးခန်းဖွင့်လှစ်ရမှာဖြစ်ပြီး  ပါတီဝင် အနည်းဆုံး ငါးသောင်း တင်ပြရမှာဖြစ်ပါတယ်။ 

တိုင်းဒေသကြီးနဲ့ ပြည်နယ် တစ်ခုအတွင်းသာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီတွေအတွက် မြို့နယ်ငါးခုမှာ ပါတီရုံးခန်းဖွင့်လှစ်ရမှာဖြစ်သလို လူဦးရေ တစ်ထောင် တင်ပြရမယ်လို့ ဆိုထားပါတယ်။ 

လာမယ့် စက်တင်ဘာလ ၇ ရက်နေ့မှာ အဲ့ဒီစာရင်းတွေကို အပြီးသတ်တင်ပြဖို့ ရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။ 

တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းသာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေထဲမှာတော့  တိုင်းရင်းသားပါတီတွေအများဆုံးပါဝင်ပြီး ကချင်ပြည်နယ်မှာ ရှမ်းနီ ၊ လီဆူး နဲ့ ကချင် နိုင်ငံရေးပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာလို့ သိရပါတယ်။ 

စစ်ရေးပြင်းထန်တဲ့ စစ်ကိုင်းတိုင်းအတွင်းမှာတော့   ရှမ်းနီပါတီ ၊ နာဂပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်သွားမှာလို့ ကနဦးသိရှိရပါတယ်။ 

အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်သူအကုန်ယူစနစ် FPTP နဲ့ PR စနစ်ကို ပေါင်းစပ်ထားပြီး ရောနှောထားတဲ့ ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Propotional – MMP)  တို့ကို ကျင့်သုံးသွားမှာလို့ဆိုပါတယ်။ 

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ အသိအမှတ်မပြုကြောင်း တရားဝင်ကြေညာထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *