



ဩဂုတ် ၂၁ ၊ ပန်ဆန်း
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ရှမ်းတပ် SSPP/SSA ၊ ကိုးကန့် တပ် MNDAA နဲ့ တအာင်း(ပလောင်) TNLA တပ်တွေအပေါ် လက်နက် နဲ့ ငွေကြေး အကူအညီတွေကို ရပ်တန့်တော့မှာဖြစ်တယ်လို့ ကြေညာလာပါတယ်။
ပန်ဆန်းမြို့မှာ ရှမ်းတပ်၊ ကိုးကန့် တပ်နဲ့ တအာင်း(ပလောင်)တပ် နဲ့ “ဝ”တပ်တို့တွေ့ဆုံမှုတစ်ခုပြုလုပ်ခဲ့ပြီးနောက် စစ်ရေးဆုံးဖြတ်ချက်တစ်ရပ်ကို WSTV ကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
UWSA အနေနဲ့ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ လက်နက် နဲ့ ကိရိယာတွေကို ပံ့ပိုးပေးတော့မှာမဟုတ်သလို လက်နက်ကိုင်တပ်ဖွဲ့တွေ လွယ်ကူချောမွေ့စေရေး အတွက်တွေလည်း ငွေကြေးပံ့ပိုးမှု အကူအညီပေးတော့မည်မဟုတ်ကြောင်းလည်းဆိုထားပါတယ်။
“ အဖွဲ့အစည်းများအနေဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေးအကူအညီများ သို့မဟုတ် အခြားထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် “ဝ” ပြည်နယ်ကို ထပ်မံနှောက်ယှက်ခြင်းမှ ရှောင်ကြဉ်ရန် အဖွဲ့အစည်းများအား တိုက်တွန်းအပ်ပါသည်”လို့ UWSA ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်လည်းဖြစ် ၊ ဒုဥက္ကဋ္ဌ ကျောက်ကော်အန်း ကဆိုပါတယ်။
ဩဂုတ်လ ၆ ရက်နေ့မှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နဲ့ တြိဂံတိုင်းစစ်ဒေသ တိုင်းမှူး တို့ ပါဝင်တဲ့အဖွဲ့ဟာ UWSA ထိန်းချုပ်တဲ့ ပန်ဆန်းမြို့ကိုရောက်ရှိခဲ့ပြီးနောက် အခုလိုသတင်းတွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသရှိ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အဓိကလိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို “ဝ”တပ်ဖွဲ့ဆီကနေရရှိနေတာဖြစ်လို့ အခုလိုဖြတ်တောက်မှုဟာ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် အခက်အခဲဖြစ်လာစေမှာလို့ ရှမ်းမြောက်ဒေသက လက်နက်ကိုင်တပ်ဖွဲ့နဲ့နီးစပ်သူတွေက ဆိုပါတယ်။
ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးတွေကြောင့် လက်လွှတ်လိုက်ရတဲ့မြို့တွေကို စစ်တပ်က တန်ပြန်ထိုးစစ်ဆင််နေပြီး ကျောက်မဲ နဲ့ မိုးကုတ်မြို့နယ်အတွင်းမှာ တိုက်ခိုက်မှုတွေဟာ ပြင်းထန်လာနေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် “ဝ”တပ်ဟာ တရုတ်က ဖိအားကြောင့် ကိုးကန့်တပ်ထိန်းချုပ်ဒေသတွေဆီ ကုန်စည်စီးဆင်းမှုမရှိစေရေးအတွက် ပြီးခဲ့တဲ့နှစ်မှာ လုပ်ဆောင်ခဲ့ဖူးပါတယ်။
လက်ရှိမှာလည်း တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်လည်လက်လွှတ်ပေးရမယ့် သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။