အင်းတော်ကြီးဒေသတွင်း ကျေးရွာချင်းဆက် လမ်းပိုင်းတွေကို  KIA က ရက်အကန့်အသတ်မရှိပိတ်ပင်

ဇွန် ၃၊ မိုးညှင်း

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ  KIA ထိန်းချုပ်ထားတဲ့လမ်းပိုင်းတစ်ချို့ကို စစ်ရေးအခြေနေအရ ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ KIAတပ်မဟာ(၉)၊ တပ်ရင်း (၂၆) က မနေ့က ဇွန်(၂) ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

လမ်းပိုင်းတွေမှာ KIA+PDF နဲ့ စစ်တပ်တို့ရဲ့ အပြန်အလှန်ပိတ်ဆို့ထားမှုတွေကြောင့် ဒေသခံတွေက ခရီးသွားလာရေးနဲ့ ကုန်စျေးနှုန်းကြီးမြှင့်မှုဒဏ်ကို ခံစားရတာ တစ်နှစ်ကျော်ကြာမြင့်လာနေပြီလည်းဖြစ်ပါတယ်။

KIA+PDF ပူးပေါင်းတပ်တွေက အင်းတော်ကြီးအနောက်ဘက်ကမ်းက ညောင်ပင်လမ်း ၊ အရှေ့ကမ်းက အင်းသာမှချောင်းဝလမ်းပိုင်းအထိ ယာဉ်သွားလာခွင့်အားလုံးကို ပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။ 

ဒေသခံပြည်သူများ ခရီးသွားလာတာ ၊ ဆိုင်ကယ် ၊ အိမ်စီးကား ၊ ယာဉ်ကြီး၊ ယာဉ်ငယ်နဲ့ ကုန်တင်ကားတွေ အားလုံး ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ရဘူးလို့ဆိုပါတယ်။ 

ဒါ့အပြင် ဟိုပင်လမ်းပိုင်း ၊ ချောင်းဝ နဲ့ ညောင်ပင် စတဲ့နေရာတွေကို အလားတူပိတ်ထားမှာဖြစ်တယ်လို့ မေ (၃၁) ရက်နေ့ကလည်း ကချင်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါသေးတယ်။

အင်းတော်ကြီးဒေသအတွင်းမှာ KIA+PDF ပူးပေါင်းတပ်တွေက အင်းအရှေ့ကမ်း နမ့်မော်ကန်ကျေးရွာကနေ အင်းမြှီး နဲ့ အနောက်ဘက်ကမ်း ဟဲပန်လမ်းခွဲမှ ဖားကန့်မြို့နယ်စပ်အထိ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

KIA+PDF တို့ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကနေ မိုးညှင်းနဲ့ ဟိုပင်မြို့များသို့ သွားရောက်နိုင်တဲ့လမ်းပိုင်းအားလုံးကိုလည်း ပိတ်ပင်ခံထားရတာ လေးလကျော်ရှိလာနေပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြစ်ကြီးနားမြို့ကို လာတဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးပါ  စစ်ယာဉ်တန်းကို ကချင်ပြည်နယ်အဝင်က  နန့်စီးအောင်ကျေးရွာ အနီးဝန်းကျင်လောက်မှာ KIA+PDF တပ်တွေက  ကြားဖြတ်တိုက်ခိုက်ခဲ့ပေမယ့်  မြစ်ကြီးနားကို ယာဉ်အားလုံးရောက်ရှိခဲ့တာပါ။ 

လက်ရှိမှာ ကချင်ပြည်နယ်အတွင်း ဖားကန့်မြို့နယ်နဲ့ ရွှေကူမြို့နယ်များမှာ တိုက်ပွဲများပြင်းထန်နေပြီး ဝိုင်းမော်နဲ့ ဗန်းမော်ဘက်တွေလည်း ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ နေ့စဉ်ရှိနေတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *