ကိုးကန့်တပ် MNDAA က ဖမ်းဆီးထားတဲ့ ဒေသခံ (၉ )ဦးကို ပြန်လွှတ်ပေးဖို့ ရှမ်းလူငယ်အဖွဲ့တောင်းဆို 

လားရှိုးမြို့ကို ကိုးကန့်တပ်များသိမ်းပိုက်ပြီးနောက် မြို့တွင်းကင်းလှည့်နေသည့်မြင်ကွင်း/ Credit

ဖေဖော်ဝါရီ ၅ ၊ လားရှိူး

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဝမ်စယ်ကျေးရွာသား (၉) ဦးကို  ရွှေတူးဖော်မှုကန့်ကွက်တာကြောင့် ကိုးကန့်တပ် MNDAA က ဖမ်းဆီးသွားတာ (၄ )ရက်ဝန်းကျင်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးထားတဲ့ အရပ်သား( ၉) ဦးကို ပြန်လွှတ်ပေးဖို့ ရှမ်းကျောင်းသားသမဂ္ဂအဖွဲ့က ဖေဖော်ဝါရီလ (၃) ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ 

ဝမ်စယ်ကျေးရွာပိုင်နယ်ထဲမှာ MNDAA က ကျေးရွာသားတွေဆီကနေ ခွင့်ပြုချက်မယူပဲ တရုတ်လုပ်ငန်းရှင် တွေကို ရွှေတူးဖော်ဖို့အတွက် ဆောင်ရွက်နေတာကြောင့် ဒေသခံတွေက ကန့်ကွက်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ 

ဒေသခံရာနဲ့ချီဟာ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ကိုးကန့်တပ်ဖွဲ့တွေက ဒေသခံ (၃၆) ဦးကို ဖမ်းဆီးခေါ်သွားခဲ့ပါတယ်။

ဖမ်းဆီးသွားသူတွေထဲက  (၂၇) ဦးကိုပြန်လွှတ်ပေးခဲ့ပြီး ကျန် (၉) ဦးကိုတော့ ဆက်လက်ဖမ်းဆီးခဲ့တဲ့အပြင် အဲ့ထဲမှာ (၃) ဦးဟာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အကြောင်း TSU က ဆိုပါတယ်။ 

အွန်လိုင်းကနေပျံ့နှံလာတဲ့ ရုပ်သံဖိုင်တစ်ခုမှာလည်း ကိုးကန့်တပ်ဖွဲ့တွေက ဒေသခံတစ်ဦးကို လက်ထိပ်ခတ်ထားပြီး ရိုက်နှက်နေခဲ့ပါတယ်။ 

ဖမ်းဆီးသွားတဲ့နောက်ပိုင်းမှာလည်း ကိုးကန့်တပ်တွေဟာ Social Media တွေမှာ အခုဖြစ်ပျက်တဲ့သတင်းတွေကို မတင်ဖို့ ၊ လုပ်မယ်ဆိုရင် အပြစ်ပေးမယ့်အကြောင်း အုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးနေခဲ့တယ်လို့ TSU က ဆိုထားပါတယ်။ 

ထို့အပြင် အဆိုပါ MNDAA တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူမှ ကားပေါ်တွင် စက်သေနပ်တပ်ပြီး ကျေးရွာအတွင်းကို အင်အားလှည့်လည်ပြခဲ့တယ်လို့ သိရပါတယ်။ 

 လယ်ယာမြေများကိုအဓမ္မသိမ်းယူကာ ရွှေတူးဖို့ပြုလုပ်ခြင်း ၊အပြစ်မဲ့ပြည်သူများကိုဖမ်းဆီးခြင်းကို ပြင်းထန်စွာကန့်ကွက်တယ်လို့ သျှမ်းကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ 

လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့တဲ့ MNDAA တပ်တွေဟာ နမ့်ပေါင်ကျေးရွာအုပ်စုမှာ တပ်တွေ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီးတော့ သယံဇာတတူးဖော်မှုတွေကို ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *