ဇွန် ၂၇ ၊ နေပြည်တော်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့မှာ မနေ့ ဇွန် ၂၆ ရက်နေ့တစ်နိုင်ငံလုံးအတိုင်းတာနဲ့ မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်းသိရှိရပါတယ်။
ဇွန်လ ၂၆ ရက်နေ့မှာ မူးယစ်ဆေးဝါးအမျိုးမျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၁၆၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၄၉.၄၄၃)သန်းတို့ကို ဖျက်ဆီးခဲ့တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ တောင်ကြီး နှင့် တိုင်းဒေသကြီး/ပြည်နယ် ၆ ခုမှ မြို့နယ် ၂၄ မြို့နယ်တို့မှာ ဘိန်း ၁၃၆၆ ကီလိုကျော် ၊ ဘိန်းဖြူ ၂၁၇၈ ကီလိုကျော် , စိတ်ကြွရူးသွတ်ဆေးပြား ၂၃၉သန်း , အိုစ် ၂၃၃၉၃ကီလိုကျော် , ဘိန်းစာမှုန့် ၁၇၇၅ ကီလိုကျော် , ဆေးခြောက် ၁၂၅၇ ကီလိုကျော်, ကတ်တမင်း ၄၁၆၅ ကီလိုကျော် , ဘိန်းညိုမှုန့် ၁၂ ကီလိုကျော်အပါဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၇၇ မျိုး ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း ၎င်းတို့ထိန်းချုပ်နယ်မြေတွေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးများကို မီးရှိုးဖျက်ဆီးတဲ့အခမ်းနား ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာတော့ မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှု , ဓာတုဆေးဝါးထုတ်လုပ်မှု , မူးယစ်ဆေးဝါးသုံးစွဲမှုဆိုင်ရာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူပြီးတဲ့ချိန်ကစပြီး ပြည်တွင်းပဋိပက္ခများနှင့် တိုင်းပြည်မငြိမ်မသက်မှုများဖြစ်ပေါ်နေပြီး မူးယစ်ဆေးဝါး တရားမဝင်ရောင်းချသယ်ဆောင်မှုတွေ မြင့်တက်နေတာလဲဖြစ်ပါတယ်။