ဇန်နဝါရီ ၂၅ ၊ ရန်ကုန်
စစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့ နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၆၀ ကျော်ရှိတယ်လို့ Justice for Myanmar ရဲ့ အစီရင်ခံတစ်ရပ်က ဇန်နဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
နိုင်ငံတကာအစိုးရ ၂၂ ခု ၊ ကုသမဂ္ဂအဖွဲ့အစည်း ၁၄ ခုအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း ၂၆ ဖွဲ့ ၊ နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်း ၈ ဖွဲ့ နဲ့ အခြားအဖွဲ့အစည်း ၈ ခွဲတို့ပါဝင်တယ်လို့ဆိုပါတယ်။
“ အခုချိန်ထိ နိုင်ငံတကာအသိုင်းအဝိုင်းအများစုက စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အထောက်အကူ ဖြစ်စေတဲ့ ရန်ပုံငွေနဲ့ အရင်းအမြစ်တွေ စီးဆင်းမှုကို အဆုံးသတ်ဖို့ နည်းနည်းလေးပဲလုပ်ထားတာ ဒါမှမဟုတ် လုံးဝလုပ်ဆောင်မှုမရှိတာကို တွေ့ရပါတယ်။” လို့ Justice for Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုပါတယ်။
စစ်ကောင်စီကို ပုံစံ (၄)မျိုးနဲ့ ပံ့ပိုးပေးနေတာဖြစ်ပြီး တရားဝင်မှုရရှိစေတဲ့ နိုင်ငံရေးဆိုင်ရာ ပံ့ပိုးကူညီမှု၊ စစ်အုပ်စုတွေနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ ဘဏ္ဍာရေးနဲ့မဟာဗျူဟာအရ ထောက်ပံ့ပေးမယ့် အခြေခံ အဆောက်အဦး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကတဆင့် ငွေကြေးပံ့ပိုးမှုတွေနဲ့ စစ်တပ်နဲ့ ဆက်နွယ်တဲ့ ဟိုတယ်တွေရုံးခန်းတွေ ငှားရမ်းမှုတွေဖြစ်တယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။
ဒီအဖွဲ့အစည်းတွေနဲ့ ဥရောပသမဂ္ဂ EU ၊ ဂျာမန်၊ ကနေဒါ ၊ နော်ဝေ ၊ ဩစတြေးလျ နိုင်ငံတွေပါဝင်သလို ဂျပန်နဲ့ အိန္ဒိယတို့ကလည်း စစ်ကောင်စီကို ပုံစံမျိုးစုံနဲ့ ပံ့ပိုးကူညီမှုတွေရှိနေတယ်လို့ ဖော်ပြပါတယ်။
မြန်မာစစ်တပ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆက်နွယ်မှုအားလုံးဖြတ်တောက်ဖို့၊ တစ်ကမ္ဘာလုံးက ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့နဲ့ ပံ့ပိုးမှုတွေကို ချက်ချင်းရပ်တန့်ဖို့ကိုလည်း Justice for Myanmar က ဆိုထားပါတယ်။