မေ ၆ ၊ ရန်ကုန်
စစ်ကောင်စီခေါင်းဆောင်ရဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နေအိမ်ကို NUG က ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံကို စတင်ရောင်းချ တော့မယ်လို့ စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက မေလ ၅ ရက်နေ့မှာ အသိပေးခဲ့ပါတယ်။
ရန်ကုန်မြို့ အင်းလျားလမ်း ၊ ခြံအမှန် (၁၄)ကို ကာလတန်ကြေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ဒေါ်လာ ၁၀ သန်းဖိုးသာ ရောင်းချမှာလို့ ဆိုပါတယ်။
ရှယ်ယာတစ်စုကို အမေရိကန်ဒေါ်လာ ၁၀၀ အစုရှယ်ယာ သတ်မှတ်ထားပြီးတော့ ရှယ်ယာ တစ်သိန်းတိတိရောင်းချသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
နွေဦးတော်လှန်ရေး အောင်မြင်ရေး လိုအပ်တဲ့ ဘဏ္ဍာရံပုံငွေရရှိရေးအပြင် အာဏာရှင်စနစ်အဆုံးသတ်ရေးအတွက် ရည်ရွယ်ပြီး ဒီလိုရောင်းချတာဖြစ်တယ်လို့ စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုထားပါတယ်။
ဒီလိုရောင်းချနိုင်ဖို့ NUG က စစ်တမ်းတစ်ခုပြုလုပ်ခဲ့ပြီး အဲ့စစ်တမ်းမှာ ဆန္ဒပြုသူ တစ်သောင်းရှစ်ထောင်ကျော် ရဲ့ ၉၇ ရာခိုင်နှုန်းက ဝယ်ယူမယ်လို့ ဆန္ဒပြုခဲ့တာလို့ဆိုပါတယ်။
မကြာခင် အစုရှယ်ယာတွေကို ဝယ်ယူနိုင်ဖို့ ကိုယ်စားလှယ်အမည်စာရင်းနဲ့ စတင်ရောင်းချမယ့််အချိန်ကို သီးခြားထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီကလည်း သူတို့သိမ်းဆည်းထားတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်ကိုလည်း ရောင်းချဖို့အတွက် ပြင်ဆင်နေတယ်လို့လည်း ဧပြီလကုန်မှာ သတင်းထွက်ပေါ်လာခဲ့ပါတယ်။