ဒေသခံတွေက တိုးတက်မှုမရှိဘူးလို့ဆိုကြ

ဇန်နဝါရီ ၁၆ ၊ ဟုမ္မလင်း
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဟုမ္မလင်းမြို့ကို ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ရောက်ရှိလာပြီး ဟုမ္မလင်းမြို့ဟာ ယခင်ထက်ပိုဖွံ့ဖြိုးလာတာကိုတွေ့မြင်ရတယ်လို့ ပြောဆိုခဲ့ပါတယ်။
“ ဟုမ္မလင်းမြို့ဟာ ယခင်ကထက်များစွာ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာတာကိုတွေ့မြင်ရလို့ မိမိအနေနဲ့ ဝမ်းသာတယ်လိို့” မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ သတင်း ဖော်ပြမှုများအရ ဟုမ္မလင်းခရိုင် အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ဟုမ္မလင်း မြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြား ခဲ့ကြောင်း ဖော်ပြထားတာလည်းဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်ဟာ တခြားသောမြို့နယ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စျေးနှုန်းကြီးမြင့်မှု ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု အပြင် လျှပ်စစ်မီးလည်း မြို့နယ်ရဲ့ ရာခိုင်နှုန်းအနည်းငယ်သာ ရရှိနေသေးတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
“ မြင်မိတာကလည်း ဘာမှမမြင်ဘူး နဂို နဂိုအတိုင်းပါ၊ ဘာမှလည်း ဟိုလိုကြီးဖွံ့ဖြိုးလာတာလည်းမရှိဘူး၊ ဒီကာလအတွင်းပေါ့လေ၊ လျှပ်စစ်မီးတွေက အရင်တုန်းကလိုပဲ စက်နဲ့ပဲ အင်ဂျင်နဲ့ပဲပေးနေတာ၊ နိုင်ငံရေးမရှုပ်ထွေးခင်ကတော့ လမ်းကောင်းသွားတာတွေရှိတယ်အဲ့တာပဲ ပြောစရာရှိတာပါ့၊ အခုနောက်ပိုင်း တစ်ခုခုပြစရာဆိုလို့မရှ်ိဘူး” လို့ ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောပြပါတယ်။
စစ်ကောင်စီပြောဆိုခဲ့တဲ့ ဟုမ္မလင်းဒေသဖွံ့ဖြိုးရေးရည်မှန်းချက်တချို့တွေလည်း ဒေသနဲ့ ကိုက်ညီမှုမရှိဘဲ လွဲချော်မှုတွေရှိနေတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဟုမ္မလင်းမြို့ အခြေစိုက် ခမရ ၃၆၉ တပ်ရင်းတွင် တပ်ရင်းမှူးအဖြစ်တာ ဝန်ထမ်းဆောင်ခဲ့ဖူးကြောင်းလည်း သိရသည်။