စစ်ဘေးရှောင်များ စစ်သားစုဆောင်းမှုဖိအားတွေကြောင့် ခက်ခဲလာနေ 

ဖေဖော်ဝါရီ ၁၂ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင်းက စစ်ဘေးရှောင်တွေဟာ စစ်သားစုဆောင်းမှု ဖိအားတွေကြောင့် ခက်ခဲမှုတွေ ပိုရှိလာနေပါတယ်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလက ဟုမ္မလင်းမြို့နယ် တော်စီကျေးရွာ၊ မန်ဟုန် စတဲ့ ဒေသတွေမှာရှိတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ရဲ့ တပ်စခန်းတွေကို KIA + PDF များ တိုက်ခိုက်သိမ်းယူပြီးတဲ့နောက် ဒေသခံများ တိမ်းရှောင်ခဲ့ကြတာ ၄ လကျော် ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ KIA+PDF တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ပြီးသည့်နောက် နေရပ်ပြန်လည်ဝင်ရောက်ဖို့ ဒေသအာဏာပိုင်တွေကနေတဆင့် ပြန်ခေါ်ကြပေမယ့် ပြန်လည်ဝင်ရောက်လာပြီးသည့်အခါ စစ်သားစုဆောင်းမှုတွေ ရှိနေတာကြောင့် နေရပ်မပြန်နိုင်ဖြစ်နေကြတယ်လို့လဲ သိထားရပါတယ်။

ပြန်လို့တော့ရတယ်၊ ပြန်ခေါ်နေကြပီ၊ ဒါမယ့် ပြန်ရင် တစ်ရွာကို စစ်သား ၄၀ ပေး ရမယ်လို့ကြားတာ အဲ့ဒါကြောင့် မပြန်တော့တာ” လို့ တော်စီကျေးရွာမှ စစ်ဘေးရှောင်နေသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအကြပ်အတည်းကို ကိုယ့်နည်းကိုယ့်ဟန်ဖြေရှင်းနေရပြီး ပြည်သူ့စစ်ကောက်ယူမှု နဲ့ PDF တပ်သားသစ်ကောက်ယူမှုတွေရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။ 

စစ်ဘေးရှောင်တွေက တော်တော်ကြီးကိုမှ အခက်အခဲကြုံနေတာ၊ နေစရာ စားစရာ ကိုယ်ထူကိုယ်ထ ကြံဖန်ပြီး စီစဉ်နေရပါတယ်ဆိုမှ စစ်ဘေးရှောင်အုပ်စုတစ်စုကို လူ ၅ ယောက်ဆိုပြီး ပြည်သူ့စစ် ကောက်သေးတာ၊ ဟိုဘက်ဖိအား၊ ဒီဘက်ဖိအား နှစ်ဖက်ခံနေရတာ” လို့ စစ်ဘေးရှောင်များကို ကူညီပေးနေတဲ့ ဟုမ္မလင်းမြို့နယ် ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ထောင်နှင့်ချီရှိနေပြီး ရွှေပြည်အေးမြို့က ဒေသခံနှစ်ထောင်ဟာလည်းတစ်နှစ်ကျော်သည်အထိ ဟုမ္မလင်းမြို့ပေါ်မှာ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ 

စစ်ဘေးရှောင်တွေအတွက်သီးသန့် စီမံထားတဲ့ စခန်းတွေမရှိသလို ရေရှည်ကူညီထောက်ပံ့ပေးနိုင်တဲ့အဖွဲ့အစည်းတွေမရှိတာကြောင့် ရွှေမျှောတွေ ၊ လက်ဖက်ခင်းတွေအပြင် ဒေသတွင်းက လုပ်ငန်းပေါင်းစုံမှာ ဝင်ရောက်လုပ်ကိုင်ပြီး စားဝတ်နေရေးဖြေရှင်းနေကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။ 

လက်ရှိဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနောက် နောင်ပိုအောင်နှင့် နားမော်ကျေးရွာတွေမှာ ပစ်ခတ်သံများ မကြာခဏရှိနေဆဲဖြစ်ပြီး စစ်ရေးတင်းမာနေဆဲဖြစ်လို့ ဒေသခံများ နေရပ်ပြန်နိုင်ရန် မျှော်လင့်ချက် ကင်းမဲ့နေဆဲလည်းကင်းမဲ့နေဆဲလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *