(၁၅၇)ကြိမ်မြောက် အင်းတော်ကြီးရေလည်ဘုရား အနေကဇာတင်ပွဲကို သံဃာအပါး(၃၀)ခန့်ဖြင့် ဖွင့်လှစ်ကျင်းပခဲ့





ဖေဖော်ဝါရီ ၂၄ ၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာ ( ၁၅၇)ကြိမ်မြောက် ရွှေမဉ္ဇူရေလယ်ဘုရား ဗုဒ္ဓဘိသေက အနေကဇာတော်တင်ပွဲကို သံဃာတော်အပါး (၃၀)ခန့်နဲ့ မနေ့က တပေါင်းလဆန်း(၈)ရက်နေ့ ဖေဖော်ဝါရီ (၂၃)ရက်နေ့မှာ ဖွင့်လှစ်ကျင်းပခဲ့တယ်လို့ အနီးနေထိုင်သူများထံမှ သိရပါတယ်။
“သံဃာအပါး(၃၀)ခန့်နဲ့ပဲ အနေကဇာတင်ပွဲကို ကျင်းပလိုက်ရပါတယ် ဘာလို့ဆိုကုန်းမနရဲ့ဟိုဘက်ကိုသွားလို့မရဘူးလေ လူဦးရေကလည်း လွဲမွန်ရွာနဲ့ နမ့်ပတဲရွာပဲ မယ်သီလတွေပါအပါတောင် လူပေါင်းလေးဆယ်လောက်ပါပဲ ပျက်လို့မဖြစ်ဘူးလေနော် လူမရှိလည်းရှိတဲ့ ဂေါပကနဲ့သံဃာနဲ့ အနီးအနားကရွာတွေနဲ့ပဲလုပ်ရတာပါ့” ဟု အနေကဇာတင်ပွဲကို ရောက်ရှိခဲ့သူတစ်ဦးက ပြောပြပါတယ်။
ဒါ့အပြင် (၂၄)ကြိမ်မြောက် မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲလည်း ပါဝင်ပါတယ်။
ယခင်က အင်းမြှီးကျေးရွာများအပါအဝင် အင်းတော်ကြီးအိုင်တစ်ဝိုက်ရှိ ကျေးရွာအားလုံးတက်ရောက်လေ့ရှိပေမယ့် ဒီနှစ်ပိုင်းတွေမှာ အစဉ်အလာမပြတ်စေရန် ရေလည်ဘုရားအနီးရှိ ကျေးရွာအနည်းငယ်ခန့်သာ ပါဝင်နိုင်ကြပါတော့တယ်။
မနှစ်က (၂၀၂၅)ခုနှစ်မှာ သံဃာတော်(၅၀)ကျော် ပါဝင်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာ ပိုမိုလျော့နည်းသွားတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ (၂၀၂၀)ခုနှစ်အထိ အင်းတော်ကြီးဒေသက သံဃာတော်ပေါင်းရာချီနဲ့ လူပေါင်းထောင်ချီတက်ရောက်တဲ့ ပူဇော်ပွဲလည်းဖြစ်ပြီး ဒီနှစ်ပိုင်းမှာ နယ်မြေမငြိမ်သက်မှုတွေနဲ့ လမ်းပိုင်းသွားလာဖြတ်သန်းရာမှာ ခက်ခဲကြပ်တည်းမှုများကြောင့် မတက်ရောက်နိုင်ကြတာလည်း ဖြစ်ပါတယ်။
