ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု နမ့်ပါဟုတ်ကျေးရွာမှာနေတဲ့ ရှမ်းနီ အဆိုအကဆရာ စိုင်းရေကျော်ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ပြန်လွှတ်ပေးဖို့ ဖားကန့်မြို့နယ် ရှမ်းနီလူငယ်ကွန်ရက်က ဇူလိုင်လ ၃၁ ရက်နေ့မှာ တောင်းဆိုထားပါတယ်။
စိုင်းရေကျော်ကိုဖမ်းဆီးသွားတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို တစ်စုံတစ်ရာထိခိုက်မှု မရှိစေပဲချက်ခြင်းပြန်လွတ်ပေးဖို့ အလေးအနက်ဆောင်းဆိုတယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားရဲ့ အကြောင်းအရင်းကို မသိရှိရသေးတာကြောင့် တရားလက်လွှတ်ဖမ်းဆီးခေါ်ဆောင်သွားတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ ရှမ်းနီလူငယ်ကွန်ရက်က ဆိုပါတယ်။
ဒီလိုဖမ်းဆီးမှုတွေက လူ့အခွင့်အရေးချိုးဖောက်တာဖြစ်ပြီး အတူနေတိုင်းရင်းသားအချင်းချင်း လူမျိုးရေပဋိပက္ခ အသွင်ဆောင်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောပါတယ်။
စိုင်းရေကျော်က ဟောင်ပါးကျေးရွာအုပ်စု ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖားကန့် ၊ ဟောင်းပါး ၊ တာမခံ စတဲ့ဒေသတွေက ရှမ်းနီအဆိုအကတွေကို လိုက်လံသင်ကြားနေသူတစ်ဦးလည်းဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအပါအဝင် ပရိဟိတလုပ်ငန်းတွေကိုမျိုးစုံမှာ ပါဝင်နေသူတစ်ဦးလို့လည်း သိရပါတယ်။