မေ ၁ ၊ ဖားကန့်
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ရပ်ကွက်(၁) မိန်းလမ်းမကြီးပေါ် ရှိ ပဲရစ်အမည်ရှိဖုန်းနှင့်အီလက်ထရောနစ်ပစ္စည်းဆိုင်ကို ငွေလွှဲလာတဲ့ ဒုရဲအုပ်တစ်ဦး မနေ့က ဧပြီလ ၃၀ ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင်အချိန်မှာ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
“ ဖုန်းနဲ့အီလက်ထရောနစ်ဆိုင်မှာ သူကငွေလာလွှဲတာ အရပ်ဝတ်နဲ့ကိုမှ PDF တွေကသိလောက်တယ် သူတို့ကချောင်းနေတာကို အင်အားကများလောက်တယ် သူတို့ကအမြဲအကောင်တစ်ကောင်ဖမ်းရင် ဒီဘက်စစ်သားပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်ဖမ်းရင် သူတို့က(PDF)အုပ်လိုက်လိုက်လာတာများတယ်” ဟု ဆိပ်မူကျေးရွာသားတစ်ဦးက ပြောပြပါတယ်။
ဒုရဲအုပ်ဖြစ်သူ ကိုလင်းအောင်ကျော်ကိုဖမ်းဆီးရာမှာ အင်အား(၁၀)ဦးအထက်ရှိတဲ့ KPDF တပ်ဖွဲ့များက သေနတ်(၄)ချက်ခန့် မိုးပေါ်ပစ်ဖောက်ပြီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီငွေလွှဲဆိုင်ကို သူတစ်ဦးတည်းသာ လာရောက်တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုများကတော့ မရှိခဲ့ဘူးဟု အနီးနေထိုင်သူများထံမှ သိရပါတယ်။
အခုလို ရဲတပ်ဖွဲ့များဖမ်းဆီးခံရမှုအပါအဝင် လုပ်ကြံပစ်ခတ်ခံရမှုတွေဟာ ဖားကန့်မြို့နယ်မှာ မကြာခနဆိုသလိုဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် စက်တင်ဘာလအတွင်းမှာလည်း ဆိပ်မူကျေးရွာမှာပင် ဆေးခန်းပြလာသော ရဲကားတစ်စီး ပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးသွားခဲ့ပါသေးတယ်။