နိုဝင်ဘာ ၇ ၊ ဖားကန့်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ်အရေအတွက်များကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ဖွဲ့များက စာရင်းကောက်ယူမှုတွေပြုလုပ်နေတယ်လို့ ကျေးရွာသားများထံမှ သိရပါတယ်။
“ ပါသွားတဲ့အိမ်တွေကို သူတို့(KIA)က စာရင်းကောက်တယ်လို့ကြားတယ် ပြန်လည်ထူထောင်ရေးအတွက်ပေးချင်လည်းပေးမှာပေါ့ တချို့လည်းသူတို့ရှင်းလင်းရေးတွေလုပ်နေကြတာ” ဟု နေအိမ်မီးလောင်ကျွမ်းခဲ့တဲ့ ဆိပ်မူကျေးရွာသူတစ်ဦးက ပြောပြပါတယ်။
စစ်ကောင်စီနဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့များရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့ စက်တင်ဘာလ (၁၃) ရက်နေ့က ကျေးရွာအတွင်းရှိရပ်ကွက် (၃)တစ်ရပ်ကွက်လုံးနီးပါးအပြင် ရပ်ကွက်(၄)က နေအိမ်တစ်ချို့တို့ နေအိမ်ရာနဲ့ချီ မီးလောင်ပြာကျပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။
နေအိမ်မီးလောင်ကျွမ်းမှုထဲ မပါရှိခဲ့ပဲ စက်တင်ဘာလလယ်ကနေ စစ်ဘေးတိမ်းရှောင်သွားကြတဲ့ ဆိပ်မူဒေသခံအများစုကလည်း ဒီရက်ပိုင်းတွေမှာ ကျေးရွာအတွင်းကိုပြန်လည်ဝင်ရောက်နေထိုင်နေကြပြီဖြစ်ကြောင်း သိရပါတယ်။
လက်ရှိ ကျောက်စိမ်းပြန်လည်တူးဖော်မည့် ရာသီရောက်ရှိလာပြီဖြစ်တာကြောင့် ဖားကန့်မြို့နယ်တစ်ခုလုံးနီးပါးမှာ ကတိုက်ပွဲဖြစ်ပွားမှုတွေရပ်တန့်သွားပြီလည်းဖြစ်ပါတယ်။
တရုတ်အစိုးရရဲ့ ဖိအားပေးပြောဆိုမှုကြောင့် လက်နက်ကိုင်နှစ်ဖွဲ့ကြား ဖားကန့်မြို့နယ်တစ်ခုလုံးမှာ ၆ လကြာအောင် အပစ်ခတ်ရပ်စဲမှုတွေလုပ်မယ်လို့ ဒေသတွင်းမှာ ပြောဆိုမှုတွေရှိနေပါတယ်။
“ အခု ဆိပ်မူက အပစ်ခတ်ရပ်စဲရေးက ၆ လတဲ့ ၊ ဖားကန့်မြို့နယ်အတွင်းမှာ (၆)လအထိ သေနတ်သံမကြာချင်ဘူးလို့ပြောတယ်တဲ့ တရုတ်ကြီး(တရုတ်နိုင်ငံ) က ၊ ဆိပ်မူ မီးလောင်တဲ့ဟာတွေဟာတွေတော့ ပြန်ကြပြီ ၊ KIA ဘက်က စာရင်းတော့ကောက်ထားပြီ ” လို့ ဆိပ်မူကျေးရွာသား ကျောက်လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။
ဆိပ်မူကျေးရွာအတွင်းရှိ Lucky Men Hotel တွင်စတင်ခဲ့တဲ့ စစ်ကောင်စီတပ် နှင့် KIA+PDF ပူးပေါင်းတပ်ဖို့တို့ကြားတိုက်ပွဲဟာ တစ်လကျော်ကြာမြင့်ခဲ့ပြီး လက်ရှိ KIA က ဆိပ်မူကျေးရွာကို သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။