တက်နေသည့် ရွှေစျေး အနည်းငယ်ပြန်ကျလာ

အောင်သမာဓိရွှေဆိုင်တစ်ခုအားတွေ့ရစဉ်

စက်တင်ဘာ ၁၃  ၊ ဗန်းမောက် 

စက်တင်ဘာလ ၁၂ ရက်နေ့တွင် ၁၉ သိန်းကျော်ထိ မြင့်တက်ခဲ့သည့် ရွှေစျေးသည် ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရှစ်သောင်းကျော်ခန့်ပြန်ကျလာခဲ့ကြောင်း ရွှေရောင်းဝယ်သူများနှင့် လုပ်ငန်းရှင်များထံမှသိရသည်။ 

“ ရွှေစျေးကတော့မမှန်ပါဘူး ၁၈ကျော်ဝန်းကျင်ကနေ အတက်ကြမ်း အကျလည်းကြမ်းနေတာပဲ နိုင်ငံရေးပိတ်ဆို့မှုတွေ မတည်ငြိမ်မှုတွေကနေ ငွေကျပ်တန်ဖိုးကျလာတာနဲ့လည်းဆိုင်ပါလိမ့်မယ် ဒါကျနော့်အမြင်ပေါ့နော်” ဟု မန္တလေးမြို့မှ ရွှေရောင်းဝယ်ရေးလုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။​

ရွှေစျေးတက်နေချိန်တွင် ပြန်ရောင်းသူများလည်း ရှိနေသလို ကျပ်ငွေစျေးကျဆင်းမှုကြောင့် ရွှေဝယ်စုသူများလည်း ရှိသည်ဟု ၎င်းကဆိုသည်။ 

ယခုရက်ပိုင်းအတွင်း ရွှေစျေးမတည်မငြိမ်ဖြစ်မှုကြောင့် ရွှေရောင်းဝယ်ရေးလုပ်ကိုင်သူများ ရှုံးဆုံးမှုများနှင့် ကြုံခဲ့သည်ဟု  မန္တလေး နှင့် ဗန်းမောက်မြိုန့ယ်က ရွှေလုပ်ငန်းရှင်များက ပြောသည်။ 

“ ရွှေစျေးက တက်တယ်ဆိုပေမယ့် ကုန်စျေးနှုန်းနဲ့ ဒေါ်လာစျေးနဲ့ယှဥ်ရင်တော့ ရွှေစျေးက နည်းပါတယ် ကုန်စျေးက တဆလောက်တက်ပေမယ့် ရွှေစျေးကတော့ အရင်က ၁၂သိန်းအမြင့်ဆုံးကနေ ခု ၁၆သိန်းကျော်ပဲရတယ်။ ဆီစျေးက အရင်က အလွန်ဆုံး တသိန်းခွဲကနေ ခု နှစ်သိန်းခွဲကျော်လောက် တက်လာခဲ့တယ်”​ဟု ဗန်းမောက်မြို့မှ ရွှေလုပ်ငန်းရှင် တစ်ဦးကပြောသည်။ 

ရွှေစျေးများသည် စက်တင်ဘာလ  ၁  ရက်နေ့တွင်  ၁၇ သိန်းကျော်သာ ရှိခဲ့သော်လည်း ၁၂ ရက်နေ့တွင် ၁၉ သိန်းထိ မြင့်တက်ခဲ့သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *