ထမံသီစံပြကျေးရွာက နွေရာသီသျှမ်းနီစာပေသင်တန်းပြီးဆုံး

ဇွန် ၁၉ ၊ ထမံသီ 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ထမံသီစံပြကျေးရွာမှာ ပြုလုပ်တဲ့ နွေရာသီ သျှမ်းနီစာပေသင်တန်း ပြီးဆုံးသွားပြီလို့ ထမံသီစံပြကျေးရွာ တိုင်းလျန်(ရှမ်းနီ)စာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီဆီကနေ သိရပါတယ်။ 

အဆိုပါ နွေရာသီ သျှမ်းနီစာပေသင်တန်းကို ဧပြီလ ၁၈ ရက်နေ့ကနေ စတင်ခဲ့ပြီး မေလ ၂၉ ရက်နေ့မှာ သင်တန်းကို အဆုံးသတ်ခဲ့တယ်လို့ ဥက္ကဌရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

  နွေရာသီသျှမ်းနီစာပေသင်တန်းတွင် သင်တန်းသား ၇၀ ဦးရှိပြီး သင်တန်းဖြစ်မြောက်ဖို့အတွက် ထမံသီစံပြကျေးရွာ  တိုင်းလျန်(ရှမ်းနီ)စာပေယဥ်ကျေးမှုရဲ့ (၁၀)ဦးပါ ကော်မတီနှင့် ရွာဦးကျောင်း ဆရာတော်တို့တွေက အဓိက ပံ့ပိုးခဲ့တယ်လို့ သိရပါတယ်။

ထမံသီစံပြကျေးရွာမှာ နွေရာသီသျှမ်းနီစာပေသင်တန်းကို ယခင်ပြုလုပ်ခဲ့ကြပေမယ့် ငွေကုန်ကြေးကျများပြီး ကြီးကြီးကျယ်ကျယ်ပြုလုပ်တဲ့ သင်တန်းကတော့ အခု ပြီးခဲ့တဲ့သင်တန်းက ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရှိရပါတယ်။

“ သင်တန်းလုပ်ဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ထမံသီစံပြကျေးရွာက လူမျိုး တော်တော်လေးကို စုံသွားတယ်ဗျာ့။ သျှမ်းမိဘတွေ တည်ထောင်ခဲ့တဲ့ ဘိုးဘေးတွေ တည်ထောင်ခဲ့တဲ့ မြို့ပြရွာ တစ်ရွာလည်းဖြစ်ပြီးတော့ ကျွန်တော်တို့က အခုနောက်ပိုင်းမှာ ဘာသာစကား တစ်အား ပျောက်ကွယ်လာတယ်ဗျာ့” လို့ ထမံသီစံပြကျေးရွာ တိုင်းလျန်(ရှမ်းနီ)စာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဥက္ကဌ စိုင်းလှိုင်မြင့်ဦးက ဆိုပါတယ်။ 

ထမံသီကျေးရွာမှာ ရှမ်းနီမိခင်ဘာသာစကားပြောဆိုတတ်ကျွမ်းသူတွေရှိပေမယ့် ကလေး နှင့် လူငယ်အများစုဟာ အခုလနောက်ပိုင်း ပြောဆိုခြင်းမရှိသောကြောင့် ပျောက်ကွယ်လာတယ်လို့လည်း သူကဆိုပါတယ်။

ထမံသီစံပြကျေးရွာ တိုင်းလျန်(ရှမ်းနီ)စာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီက နွေရာသီ သျှမ်းနီစာပေ သင်တန်းကို လာမယ့်နှစ်တွေမှာလည်း  ဆက်လက်သင်ကြားပို့ချနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *