
ဒီဇင်ဘာ ၁၊ မြဝတီ
ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီတောင်ပိုင်းဒေသမှာ စစ်ကော်မရှင်နဲ့ KNLA/KNU ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ခြမ်းတွင် လက်နက်ကြီးကျည် ၅ လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ထိုင်းဘက်အဝင် ကုန်ပစ္စည်းများတင်သွင်းတဲ့ စက်လှေဆိပ်အားလုံးကို ထိုင်း ပိတ်လိုက်တယ်လို့ မြို့ပေါ်နေ မြန်မာလုပ်သား တစ်ဦးမှသိရပါတယ်။
“ ကုန်သွယ်ရေးတွေ အကုန်ဖျက်ချလိုက်တာ ထိုင်းဘက်ကို မနေ့ကလက်နက်ကြီးကျတယ် ထိုင်းဘက်ခြမ်းက မဲကော်ကင်းတပ်ခရိုင်နယ်ထဲကို ကျသွားတာ ထိုင်းဘက်ခြမ်းက အငွေ့ဗုံးတွေနဲ့ လှမ်းပစ်သေးတယ် ဒီဘက်ခြမ်းကို”လို့ သူကဆိုပါတယ်။
ထိုင်းနယ်စပ် မဲဆောက်မြို့ မဲကော်ကင်းကျေးရွာ တပ်ခရိုင်နယ်ထဲမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသား ကလေးငယ်တစ်ဦးနဲ့ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။
မြဝတီ- မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁) တံတားကလွဲပြီး ကျန်တဲ့ကုန်ပစ္စည်း တင်သွင်းတဲ့ စက်လှေဂိတ်တွေကို ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှစ ၇ ရက် ယာယီပိတ်ထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ထိုင်း-မြန်မာကုန်သွယ်ရေးလမ်းပိုင်းတွေဟာလည်း ပြီးခဲ့တဲ့ နှစ်လဝန်းကျင်ကတည်းက ပြတ်တောက်နေတာကြောင့် ပြည်တွင်းမှာ ကုန်စည်ပြတ်လပ်မှုတွေကြုံနေရတာလည်းဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားရာ မင်းလက်ပံကျေးရွာနဲ့ အင်ကြင်းမြိုင်ကျေးရွာ အနီးတစ်ဝိုက်တွင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း များဖြတ်တောက်ခံထားရတာလည်း ဖြစ်ပါတယ်။
“ မင်းလက်ပံက ကျားဖြန့်ဆိုက်ကို KNU ကသိမ်းသွားတာနဲ့ ဟိုတစ်ရက်က စစ်တပ်ကလေယာဉ်နဲ့ လာထုတာ အဲ့ကတည်းက လိုင်းတွေပျက်သွားတာ ဘားအံမှာဆိုလိုင်းတွေ 2G ပဲရတော့တာ” ဟု၎င်းကဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ ကျားဖြန့်နိမ့်နှင်းရေး စစ်ဆင်ရေးအပါအဝင် နယ်စပ်ဒေသတလျှောက်မှာ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။
