မတ် ၁၅ ၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ် ၊ အင်းတော်ကြီးဒေသ နန့်မွန်းမြို့နှင့် မိုင်းနောင်ကျေးရွာရှိ ဒေသခံ လူငယ်အယောက်(၂၀)ကျော်ကို KIA တပ်ဖွဲ့များက မတ်လ(၁၃)ရက်နေ့ ညပိုင်းအချိန်မှာ တပ်သားသစ်စုဆောင်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
မိုင်းနောင်ကျေးရွာအနီးရှိ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ လူငယ်များအပါအဝင် ကျေးရွာအထွက်တွေမှာ နေထိုင်တဲ့လူငယ်အတော်များများကို ခေါ်ဆောင်သွားတာဖြစ်တယ်လို့ မိုင်းနောင်ကျေးရွာဒေသခံများက ဆိုပါတယ်။
“ စစ်တိုက်ဖို့ စုဆောင်းရေးခေါ်တာပါ့အေး အထဲမှာလူလည်းမရှိတော့ဘူးလေ နန့်မွန်းကတော့ရွာကြီးတော့ သိပ်မကြားမိမသိမိကြဘူး။ တိတ်တိတ်လေးခေါ်သွားတာကြီးကို အလည်ထွက်တဲ့သူတွေ အလှူပွဲသွားတဲ့သူတွေကို တိတ်တိတ်လေးဆွဲဆွဲသွားတာ” ဟု ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့ မိုင်းနောင်ရွာသားတစ်ဦးက ပြောပြပါတယ်။
မတ်လ(၁၄)ရက်နေ့ညတွင်လည်း ထပ်မံဖမ်းဆီးခေါ်ဆောင်ခံရသူတွေ ရှိနေပြီး ခေါ်ဆောင်ခံရတဲ့အရေအတွက်ကိုတော့ မသိရှိရသေးဘူးပဲ ငွေကြေးဖြင့်ပြန်လည်ရွေးထုတ်ယူနိုင်တယ်လို့လည်း ဒေသခံတွေကြားပြောဆိုမှုတွေ ရှိနေပါတယ်။
ပြီးခဲ့သည့် ဇန်နဝါရီလဝက်အတွင်းမှာလည်း အင်းတော်ကြီးဒေသအတွင်းမှာပင် တုံပင်၊မိုင်းပုတ်ကျေးရွာရှိ ကျေးရွာသူရွာသား ဒေသခံများကို KIA က စစ်သားစုဆောင်းရေးတွေပြုလုပ်ခဲ့ပါတယ်။
အင်းတော်ကြီးဒေသမှာ KIA နှင့် စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်တို့ဟာ စစ်သားစုဆောင်းရေး တွေကို ဇန်နဝါရီလမှ စပြီး ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။