နမ့်ယားပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ၊ မြန်မာပြည်မြောက်ပိုင်းရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ လူငယ်တာဝန်ခံ ကိုစိုင်းမျိုးမင်းထွန်း ကို KIA က ဖမ်းဆီးသတ်ဖြတ်

ဇွန် ၁၉ ၊ ကာမိုင်း

ဖားကန့်မြို့နယ် ကားမိုင်းမြို့ နမ့်ယားကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းလည်းဖြစ် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ လူငယ်တာဝန်ခံတစ်ဦးဖြစ်သည့် ကိုစိုင်းမျိုးမင်းထွန်း ကို KIA က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း  ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ 

ဇွန်လ (၁ဝ) ရက်နေ့တွင် ကိုစိုင်းမျိုးမင်းထွန်းက ဖားကန့်မြို့နယ်ကို ကိုယ်ရေးကိုယ်တာကိစ္စဖြင့် သွားခဲ့ပြီး အပြန်လမ်းတွင် KIA တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်း (၄၄) က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ 

ထို့နောက်ပိုင်း ဇွန်လ (၁၈) ရက်နေ့တွင် သတ်ဖြတ်ခံလိုက်ရကြောင်း KIA  ၏လူကြီးတစ်ဦးက ၎င်း၏ မိခင်ထံကို ဖုန်းဆက်အကြောင်းကြားလာခဲ့သည်ဟုဆိုသည်။ 

“ ကျွန်တော်တို့ ရှမ်းနီစာယဉ်အဖွဲ့တွေ နဲ့ ကချင်ရိုးရာလူကြီးတွေ မနေ့ညနေက တွေ့ပြီးတော့ သူရဲ့ ရုပ်အလောင်း Dead body ကိုရဖို့ သူတို့ဘက်ကိုတောင်းဆိုတာပေါ့ ၊ သူတို့ကတော့ ကူညီပေးမယ်တော့ပြောတယ်။ ဒါပေမယ့်အခုအချိန်မှာက တိုက်ပွဲတွေ‌ကြောင့်ရော ၊ နိုင်ငံရေးအခြေ အနေတွေကြောင့်ရောမို့ အခက်အခဲတွေတော့ ရှိတယ်လို့ သူတို့ဘက်ပြန်ပြောတယ်.” ဟု ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ မှ ဦးခင်မောင်အေးက ဆိုသည်။ 

ကိုမျိုးမင်းထွန်းသေဆုံးမှုအတွက် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဝမ်းနည်းကြောင်း သဝဏ်လွှာလည်း ယနေ့ ဇွန်လ (၁၉)ရက်နေ့ ရက်စွဲဖြင့် ပေးပို့ထားသည်။ 

အာဏာသိမ်းပြီး (၃) လကျော်အကြာတွင် KIA နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်ပိုင်း KIA က ကချင်ပြည်နယ်ရှိ ဌာနေပြည်သူ့ စစ်စခန်းများ ၊ ခေါင်းဆောင်များကို ဦးတည်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် နောင်မှီပြည်သူ့စစ်ခေါင်းဆောင်လည်း သေဆုံးခဲ့သည်။ 

ကိုစိုင်းမျိုးမင်းထွန်းတွင်  သတ်ဖြတ်ခံရပြီး‌နောက် ၎င်း၏ ဇနီး နှင့် သားသမီး (၃) ဦးကျန်ရစ်ခဲ့ကာ လာမည့် ဇွန်လ (၂၂) ရက်နေ့တွင် ရက်လည်ဆွမ်းသွပ် တရားနာ မည်ဖြစ်ကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *