
မေ၁၅၊မိုးညှင်း
မိုးညှင်းမြို့နယ် နန်းမားမြို့အနီးတစ်ဝိုက်ရှိ လက်ပံတန်းကျေးရွာနှင့် ဘုရားကွင်းကျေးရွာတို့မှာ စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ကျေးရွာအတွင်းရှိဒေသခံများက ဘုန်းတော်ကြီးကျောင်းများတွင် စစ်ရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရပါတယ်။
“လက်ပံတန်းနဲ့ ဘုရားကွင်းရွာကလူတွေကိုတော့ လက်ပံတန်းဘုန်းကြီးကျောင်းမှာ စုခိုင်းတာတဲ့ အေ့ဒီနားတစ်ကြောတွေက အကုန်လုံး မြေနု၊ နန့်စော်လော်အေ့နားကတွေက စစ်ကြောင်းထိုးနေတယ်တဲ့ သဲသယ်တဲ့ကားသမားတွေလည်းရပ်နားထားရတာတဲ့ ဘယ်သူမှမသယ်ရဲဘူးပေါ့နော့ ခုလောလောဆယ်တော့ နဲနဲခြေနေမကောင်းတဲ့ခါကျတော့’ဟု နန်းမားဒေသခံတစ်ဦးက ပြောပြပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် KIA +PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားကြမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး ကျေးရွာအတွင်း ကူးလူးသွားလာလှုပ်ရှားမှုတွေလည်း မရှိသလောက်ဖြစ်နေသည်ဟု ဆိုကြပါတယ်
ယနေ့ မေလ ၁၅ ရက်နေ့ (၁၂)နာရီခွဲအချိန်ခန့်တွင်လည်း လက်နက်ကြီးပစ်ခတ်သံကို ကျယ်လောင်စွာ ကြားလိုက်ရကြောင်း နန်းမားဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။
“ဘယ်ကပစ်သလဲတော့မသိဘူး အုန်းခနဲနဲ့လေ ပစ်တာအကျယ်ကြီးပဲ အကျယ်မှအကျယ်ကြီးပဲ အခုလေးတင်ပစ်တာ အေ့လိုဘယ်မှာကျတယ်ဘာညာတော့ သိသေးမှာမဟုတ်သေးဘူး အခုမှတစ်ချက်ထုလိုက်တာ” လို့ဆိုပါတယ်။
နန်းမားမြို့ နန့်စော်လော်ကျေးရွာမှာ မေလ၁၂ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး လက်နက်ကြီးပစ်ခတ်မှုတွေရှိသောကြောင့် ကျေးရွာနေဒေသခံများ ထွက်ပြေးတိမ်းရှောင်ရခြင်းနှင့် လူနေအိမ်ထိခိုက်မှုတွေလည်း ရှိခဲ့တာလည်းဖြစ်ပါတယ်။