
မေ ၂၂ ၊ မန္တလေး
လာမယ့် ဇွန်လကစလို့ အယ်လ်နီညို စတင်ဖြစ်လာနိုင်ပြီးတော့ နှစ်ကုန်ပိုင်းမှာ အားကောင်းတဲ့အခြေအနေကိုရောက်ရှိနိုင်တယ်လို့ မိုးဇလက မေလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)ရဲ့ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေမှာ အယ်လ်နီညို ဖြစ်ပေါ်နိုင်တဲ့အခြေအနေတွေကို တွေ့ရှိနေရတယ်လို့ဆိုပါတယ်။
အယ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှာလည်း နေ့အပူချိန်တွေမြင့်တက်လာတာ၊ မိုးခေါင်ရေရှားတာတွေ နဲ့ မိုးရွာသွန်းမှုမမှန်တာတွေ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
မိုးလေဝသ သတင်းတွေကို ထုတ်ပြန်သုံးသပ်နေတဲ့ ဦးဝင်းနိုင်ကတော့ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ မိုးနည်းနိုင်ခြေ အလွန်မြင့်မားနေပြီး မြန်မာနိုင်ငံရဲ့ အောက်ပိုင်းဒေသတွမှာ မိုးရွာသွန်းမှု ထက်ဝက်နီးပါး လျော့နည်းနိုင်တယ်လို့ဆိုပါတယ်။
အထူးသဖြင့် စပါးစိုက်ပျိုးတဲ့ ဇွန်၊ ဇူလိုင်၊ ဩဂုတ် မိုးလယ်ကာလတွေမှာ မိုးရွာသွန်းမှု သိသိသာသာ ပြတ်တောက် သို့မဟုတ် နည်းပါးသွားနိုင်တယ််လို့ဆိုထားပါတယ်။
စိုက်ပျိုးရေးကဏ္ဍအတွက် ရေချွေတာရေးစနစ် ၊ ရေအရင်းအမြစ်ကြိုတင်စုဆောင်းရေးစနစ်တွေကို အကောင်အထည်ဖော်သင့်ကြောင်း ဦးဝင်းနိုင်က အကြံပြုထားပါတယ်။
အယ်နီညိုဆိုတာ စပိန်ဘာသာစကားအရ “သူငယ်တော်” ဒါမှမဟုတ် “ကလေးငယ်” လို့ အဓိပ္ပာယ်ရပါတယ်။ ခရစ္စမတ်ကာလနားနီးမှ ပေါ်လာတတ်လို့ ပီရူးနိုင်ငံက တံငါသည်တွေက ပေးခဲ့တဲ့ အမည်ပါ။
ပစိဖိတ်သမုဒ္ဒရာ အပူပိုင်းဒေသရဲ့ ရေမျက်နှာပြင် အပူချိန်ဟာ ပုံမှန်ထက် သိသိသာသာ ပိုပြီး ပူနွေးလာတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။
ပုံမှန်ထက် မိုးနည်းမယ်၊ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေ မြင့်မားပြီး ပြင်းထန်တဲ့ အပူလှိုင်း (Heatwaves) တွေ ကြုံတွေ့ရနိုင်သလို ရေရှားပါးမှုနဲ့ တောမီးလောင်မှုတွေ ဖြစ်ပွားတတ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ခုနှစ်မှာ အယ်နီညိုကြောင့် ပူပြင်းခြောက်သွေ့မှုနဲ့ မိုးခေါင်မှုဒဏ်ကိုရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။
