နှင်းအီကျေးရွာအတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်စစ်ရှောင်အမျိုးသမီး၃ဦးသေဆုံးပြီး၂ဦးဒဏ်ရာရ

နှင်းအီကျေးရွာကို Google earth တွင် တွေ့ရစဉ်

မတ် ၁၂ ၊ မိုးမောက်

မိုးမောက်မြို့နယ် နှင်းအီကျေးရွာအတွင်းမှာ မတ်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းအချိန်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်အမျိုးသမီး ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ 

မတ်လ ၁၁ ရက်နေ့ နေ့လည်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗန်းမော်မြို့အမြောက်တပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ နှင်းအီကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်မီးလောင်ကျွမ်းခဲ့ပါတယ်။ 

  တာလီကျေးရွာမှ နှင်းအီကျေးရွာကို စစ်ဘေးရှောင်ခဲ့ကြတဲ့  အသက် ၁၆ နှစ်အရွယ် မခမ်းရှီ၊ အသက် ၂၁ အရွယ် မအေမိုင်၊ အသက် ၁၄ နှစ်အရွယ် မနန်းနွမ်ခမ်း တို့ သုံးဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။ 

သေဆုံးသွားတဲ့  မခမ်းရှီ နှင့်  မအေမိုင်တို့ဟာ (၈ ) တန်း နဲ့ မနန်းနွမ်ခမ်းက  (၇) တန်းကျောင်းသူဖြစ်ပါတယ်။ 

ဒါ့အပြင် အသက် ၁၉ နှစ်အရွယ် မခမ်းမိုင် န့ မမီးတူ တို့နှစ်ဦးဟာလည်း လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိထားပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ 

ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ တာလီကျေးရွာသူ/သားတွေဟာ  စစ်ကောင်စီတပ်နှင့်  KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကြောင့် နှင်းအီကျေးရွာဆီကို စစ်ဘေးတိမ်းရှောင်ကြတာလည်းဖြစ်ပါတယ်။ 

မတ်လ ၁၀ ရက်နေ့မှာလည်း နှင်းအီကျေးရွာနှင့် နှစ်မိုင်အကွာရှိ မန်နောင်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကြောင့် အရပ်သား နှစ်ဦးသေဆုံးခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *