ဒီဇင်ဘာ ၁၂ ၊ ထီးချိုင့်
NUG ရဲ့ ကာကွယ်ရေး ၊ အုပ်ချုပ်ရေး နဲ့ လုံခြုံရေး အတွက် ဖွဲ့စည်းထားတဲ့ ပသုံးလုံး ယန္တရားထဲက လူတွေကို လိုအပ်လာရင် ရဲရဲအရေးယူဖို့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြုလုပ်တဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
“ လိုအပ်ရင် ရဲရဲဝံ့ဝံ့ အရေးယူဖို့နဲ့ တဖက်ကတော့ ပြည်သူကို အလေးထား ဆက်သွယ်ဆောင်ရွက်မှုပုံပေါ်စေတဲ့ Public Relation ပိုင်းကို အားဖြည့်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပအဖတွေကို အမျိုးသားညီညွတ် ရေးအစိုးရက မူမရှိဘဲ ဖွဲ့စည်းခဲ့တာမဟုတ်သလို အခုလည်း မူဝါဒတွေ၊ လမ်းညွှန်ချက် တွေနဲ့အညီ စီမံဆောင်ရွက်နေတယ်ဆိုတာ ပြည်သူတွေသိဖို့ လိုအပ်သလို လိုအပ်လာရင် လည်း လိုသလို ထိန်းကျောင်းဆောင်ရွက်နေတယ်ဆိုတာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” လို့ သူက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
NUG ရဲ့ ပသုံးလုံးယန္တရားဟာ ဝေဖန်ခံရမှု နဲ့ တိုင်ကြားခံရမှုအများဆုံးဖြစ်နေပြီး အမှုတွေကို ကိုင်တွယ်ဖြေရှင်းနေဆဲဖြစ်တယ်လို့ NUG က ထုတ်လွင့်ခဲ့တဲ့ Press Briefing မှာ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုခဲ့ပါတယ်။
“ပြည်သူ့အုပ်ချုပ်ရေးယန္တရား အဆင်ပြေချောမွေ့စွာ လည်ပတ်နေတဲ့ မြို့နယ်တွေရှိနေသလို လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်ကာ စည်းကမ်းဖောက်ပျက်နေတဲ့ လူပုဂ္ဂိုလ် နဲ့ တာဝန်ရှိသူတွေရှိနေတာကို စိတ်မကောင်းဖွယ်ရာတွေ့ရှိရပါတယ်၊ ရောက်ရှိလာတဲ့ တိုင်ကြားစာတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေအလိုက် စုံစမ်းစစ်ဆေးအရေးယူနိုင်ဖို့အတွက် အရှိန်မြင့်လုပ်ဆောင်နေပါတယ်”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
ပကဖ တွေရဲ့ တိုင်ကြားမှုတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်ဖြေရှင်းပြီး အမှု ၅၆ ခုကို စစ်ဆေးအရေးယူထားပြီးဖြစ်သလို စစ်ဆေးနေဆဲ အမှု ၁၇ မှုရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် NUG ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေး နဲ့ ပြည်သူ့လုံခြုံရေး ( ပအဖ ၊ ပလဖ ) တွေရဲ့ အမှု ၂၁ မှုအထိ စစ်ဆေးအရေးယူထားပြီးဖြစ်တယ်လို့ ထုတ်ပြန်မှုအရ သိရပါတယ်။
ပသုံးလုံးယန္တရားဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးထဲမှာ အများဆုံးရှိနေပြီး ပြည်သူလူထုတွေရဲ့ ဆန္ဒပြမှုများ ၊ တိုင်ကြားမှုများ မကြာခဏဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းက လမ်းဖောက်လုပ်မှုကြောင့် ပသုံးလုံးအဖွဲ့ ကို ဆန္ဒပြခဲ့သည့် အရပ်သားတချို့ ဖမ်းဆီးခဲ့တွေဟာကြောင့် ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။