
မတ်လ (၁၂)၊ဖားကန့်
ဖားကန့်မြို့ရှိ မရှီကထောင်ရပ်ကွက်မှာ KIA+PDF ပူးပေါင်းတပ်နဲ့ စစ်ကော်မရှင်တပ်တို့ကြား ရပ်တန့်ခြင်းမရှိသေးတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွှတ်ရာရပ်ကွက်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ဦးရေ ရာချီရှိလာနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ ကျောက်စိမ်းတောင်သံတံတားထိပ်က မြို့မရပ်ကွက်က ဘုန်းကြီးကျောင်းမှာ မရှီကထောင်ရပ်ကွက်ဘက်ကလာတဲ့ စစ်ရှောင်တွေပြည့်နေပြီ။ ငါးထပ်ဆောင်၊ဆွမ်းစားဆောင်တွေ အကုန်အပြည့် ကြာလှပြီ ဘုန်းကြီးကျောင်းအနှံ့အပြားရှိတဲ့အဆောင်တွေအကုန်အပြည့်ပဲ “လို့ မြို့ မရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပြပါတယ်။
ဖားကန့်မြို့ ၊ မြို့မရပ်ကွက်ရှိ သီရိမင်္ဂလာမဏိဇေယျုံပရိယတ္တိစာသင်တိုက်အတွင်းမှာ ယခုရက်ပိုင်းအတွင်း လူဦးရေ(၂၀၀)ကျော်ခန့် စစ်ဘေးတိမ်းရှောင် လာရောက်ခိုလှုံမှုများရှိနေကြောင်း သိရပါတယ်။
ထုံးဖို၊မရှီကထောင်၊စည်ပင်စတဲ့ တိုက်ပွဲအနီးနေထိုင်သူ ရပ်ကွက်ရှိအများအပြား တိမ်းရှောင်လာကြတာဖြစ်ပြီး ယခင်ရှိထားပြီးသား စစ်ဘေးရှောင်များအပါအဝင် အိမ်ထောင်စု(၁၀၀)ကျော် ဒီဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေထဲ မှော်ဝမ်းကြီး၊မှော်မောင်းလျှံ၊မှော်ဝမ်းလေး စတဲ့ဒေသခံများလည်းရှိနေပြီး ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်လာတာ လချီကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။
မရှီကထောင်ဆုတောင်းကုန်းမှာ KIA+PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲက မတ်လ(၃)ရက်နေ့ကနေ မတ်လ(၈)ရက်နေ့မှာ ရပ်နားခဲ့ပြီး (၁၀)ရက်နေ့နေ့လည်ပိုင်းကနေ အပြန်အလှန်ပစ်ခတ်မှုများပြန်လည်ဖြစ်ပွားနေပြန်တယ်လို့ အနီးနေထိုင်သူများထံမှ သိရပါတယ်။
“ကျည်ဆန်တွေ မြို့တွင်း၊မြို့မရပ်ကွက်ဘက် နေရာအနှံ့လာကျတယ် စုဆောင်းရေးဆွဲတာလည်း ပိုဆိုးလာတယ် ဆိပ်မူကျောက်ဝိုင်းနားပတ်ချာလည်ဆိုလဲ KIA ကားတွေနဲ့ပတ်နေတာ အပြင်လည်းမထွက်ရဲဘူး အလုပ်လဲမသွားရဲဘူး”လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။
မတ်လ(၁၀)ရက်နေ့မှာလည်း မနမှော်ကျေးရွာရှိ ဝိုင်ဖိုင်ဆိုင်တစ်ခုအတွင်း ဝိုင်ဖိုင်သုံးစွဲနေတဲ့လူငယ်တစ်စုကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များ ထပ်မံစုဆောင်းရေးဆွဲခေါ်သွားသလို တိုက်ပွဲကြောင့် လူအင်အားအသစ်ဖြည့်တင်းတာတွေလုပ်ဆောင်နေကြောင်း ရပ်ကွက်အတွင်းပြောဆိုမှုတွေ ရှိနေပါတယ်။
