
ဖေဖော်ဝါရီ ၁၁၊ ဖားကန့်
တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့နယ်အတွင်းမှာ လမ်းမကြီးတွေအနီး မိုင်းပေါက်ကွဲမှုဟာ မကြာခဏဖြစ်နေတာကြောင့် ဒေသခံတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဖေဖော်ဝါရီလ (၁၀)ရက် နေ့လည် (၁) နာရီဝန်းကျင်အချိန်မှာ လုံးခင်းကျေးရွာနဲ့ မှော်စီဇာကျေးရွာကြားမှာရှိတဲ့ ပေါ်ဦးလေ-ထိုးကျွတ်ဖာဆိုင်ရှေ့နားမှာ ဖြစ်ပွားခဲ့တာလို့သိရပြီး ဒေသခံ (၃) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ် လို့သိရပါတယ်။
အဲ့ဒီလမ်းမပေါ်မှာ စစ်ကော်မရှင်ရဲ့ရဲ့ ထောက်ပို့ စစ်ကားတွေအတွက်ထောင်ထားတာလို့ ဒေသခံတွေက ဆိုကြပြီး ဒေသခံနှစ်ဦးဆိုင်ကယ်စီး ဖြတ်မိသွားတာကြောင့်လို့ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးနှစ်ဦးမှာ ဆန်းကြွယ်ရွာကဖြစ်ပြီး အမျိုးသားတစ်ဦးမှာ ဆိပ်မူကျေးရွာကဖြစ်ပါတယ်။
ဒီနေ့ဇန်နဝါရီ ၁၁ ရက် ဒီကနေ့ မနက် ၆ နာရီခွဲတွင်လည်း ရွှေမြန်မာဓာတ် ဆီဆိုင်နားတွင် မနက်စျေးသွားရင်းမိုင်းနင်းမိပြီး အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးတစ်ဦးဆေးရုံ ပို့ထားရတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်တွင် နေ့စဉ်ရက်ဆက်တိုက်ပွဲများပို၍ ပြင်းထန်လာမှုကြောင့် ဒေသခံများတစ်ချို့မှာ မြို့မှ ထွက်ခွာနေကြပြီလို့သိရပါတယ်။
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်အနောက်ဘက်မှာ KIA+PDF နဲ့ စစ်ကော်မရှင်တပ်တို့ကြား တိုက်ပွဲတွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်နီးပါးရှိနေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲပြီးတဲ့နောက် မိုးညှင်း၊ ဖားကန့် ၊ ဝိုင်းမော် စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်လာနေတာလည်းဖြစ်ပါတယ်။
