အောက်တိုဘာ ၁၁ ၊ ဖားကန့်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက် (၂) ဘေလီတံတားထိပ်မှာ လူငယ်နှစ်ဦးအသတ်ခံထားရတဲ့ အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့ ညမှာ လုံးခင်းရပ်ကွက် (၁) မှာနေထိုင်တဲ့ အသက် ၁၈ အရွယ် မျိုးမင်းအောင် နဲ့ ရပ်ကွက် (၅) မှာနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် ကိုသူရအောင် တို့နှစ်ဦး အသတ်ခံရတာလို့ ဆိုပါတယ်။
အုပ်စုဖွဲရန်ဖြစ်ကြပြီး အုပ်စုတစ်ဖက်နဲ့ တစ်ဖက် ဝိုင်းရိုက်ကာ လက်လွန်ကြပြီး သေဆုံးတာဖြစ်တယ်လို့ လုံးခင်းကျေးရွာသားတစ်ဦးက ပြောပြပါတယ်။
အသတ်ခံရသူနှစ်ဦးရဲ့ ရုပ်အလောင်းကို ညသန်းခေါင်အချိန်မှာ သူတို့မိဘတွေအိမ်ရဲ့ လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ကြပြီး အောက်တိုဘာလ ၁၁ ရက်နေ့မှာ လုံးခင်းသုဿာန်ကို ပို့ဆောင်ထားကြပြီလို့သိရပါတယ်။
လူသေ လူသတ်မှုနဲ့ပတ်သက်ပြီး လုံးခင်းရဲစခန်းက အမှုဖွင့်သူမရှိတာကြောင့် ရုပ်အလောင်းတွေရှိတဲ့နေရာကို လာရောက်ခြင်းမရှိဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖားကန့်မြို့မှာလူငယ်များ ၊ ရဲများ ၊ အုပ်ချုပ်ရေးဝန်ထမ်းများ အသတ်ခံရမှုတွေက မကြာခဏဖြစ်ပွားနေပြီး အနည်းဆုံး ၂၀ ဦးထက်မနည်းရှိနေပြီဖြစ်ပါတယ်။