ဧပြီ ၂၉ ၊ ဖောင်းပြင်
ဖောင်းပြင် PDF အဖွဲ့က NUG အခွန်ကောက်နယ်မြေအတွင်းမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကိုအခွန်လာမကောက်ဖို့ ထုတ်ပြန်ချက်ကို ရှမ်းနီအရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
ဖောင်းပြင် PDF အဖွဲ့က မီဒီယာအသာစီးမှုရယူပြီး SNA က စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေသယောင် ပြည်သူလူထုအထင်မြင်လွဲမှားစေမယ့် အသုံးအနှုန်းတွေပါဝင်တဲ့ ကြေညာချက်ထုတ်ပြန်ခြင်းက တော်လှန်ရေးကာလမှ အသက်ပေးသွားတဲ့ ရှမ်းနီညီနောင်နဲ့ လက်ရှိတော်လှန်ရေးမှာပါဝင်တဲ့ ရှမ်းနီလူမျိုးတွေကို သိက္ခာချစော်ကားတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
NUG အပါအဝင် အနာဂတ်ဖက်ဒရယ်လမ်းစဉ်ကို ရည်မှန်းတဲ့ အစိုးရနဲ့ အဲ့ဒီအစိုးရတွေရဲ့ အာဏာစက်ကိုထိန်းသိမ်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ပြည်ထောင်စုနယ်မြေအတွင်းမှာ ဓားမဦးချနေခဲ့တဲ့ လူမျိုးနယ်မြေနဲ့ သူတို့ကို ကိုယ်စားပြုတဲ့ အမျိုးသားတပ်မတော်ရဲ့ လှုပ်ရှားနယ်မြေကန့်သတ်တာ ၊ နယ်မြေထိန်းချုပ်လိုတာတွေက ဖက်ဒရယ်လမ်းစဉ်တွေနဲ့ သွေဖီနေတယ်လို့ ရှမ်းနီအရပ်ဘက်အဖွဲ့တွေက ပြောဆိုထားပါတယ်။
NUG အနေနဲ့လည်း တော်လှန်ရေးကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တပ်တွေကြား ပဋိပက္ခမဖြစ်ပွားဖို့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျထိန်းသိမ်းဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
ဖောင်းပြင်မြို့နယ်က ပုဂံခေတ်နှောင်းကတည်းက ရှမ်းနီစော်ဘွားနယ်မြေဖြစ်တဲ့ သောင်သွပ်နယ်မြေမှာပါဝင်ပြီး မိုးညောင်း ၊ စန္ဒား ၊ထောမ စတဲ့ မြို့ဟောင်းတွေ ရွာဟောင်းတွေက ရှမ်းနီစော်ဘွားတွေအဆက်ဆက်အုပ်ချုပ်ခဲ့ကြတဲ့ နယ်မြေတွေဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒီလိုခေတ်အဆက်ဆက်သမိုင်းတွေရှိခဲ့တာကြောင့် ရှမ်းနီလူမျိုးတွေနေထိုင်ရာနယ်မြေမှာ SNA က နယ်မြေစိုးမိုးရေးက သမိုင်းကြောင်းအရ နဲ့ ဌာနေတိုင်းရင်သားအခွင့်အရေးကို အကာအကွယ်ပေးနိုင်ဖို့အတွက် မျက်ကွက်ပြုလို့မရနိုင်ကြောင်းလည်း ပြောဆိုထားပါတယ်။