ဗန်းမောက်မြို့တောင်ပိုင်းဒေသက ကျေးရွာများ စက်သုံးဆီများကို ခွဲတမ်းဖြင့်သာ ဝယ်ယူနေရ

ဇူလိုင် ၁၁ ၊ ဗန်းမောက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်တောင်ပိုင်းမှာ လယ်ယာလုပ်ငန်းသုံးဖို့အတွက် စက်သုံးဆီများကို တော်လှန်ရေးအင်အားစုတွေက ကျေးရွာ အကြီးအသေး အလိုက် နဲ့ လယ်ဧကအနည်းအများအလိုက်ပေါ်မူတည်ပြီး ခွဲတမ်းတွေနဲ့ ထုတ်ပေးနေတယ်လို့ သိရပါတယ်။

စက်သုံးဆီများကို ကျေးရွာများကို ခွဲတမ်းကျသာ ထုတ်ရောင်းပေးပြီး ဆက်သုံးဆီများအားလုံး ဗန်းမောက်တောင်ပိုင်းနယ်တခွင်မှာသာ အသုံးပြုခွင့်ရှိကာ စစ်ကောင်စီတပ်များရှိရာ ဗန်းမောက်မြို့ပေါ် နဲ့ SNA တပ်များထိန်းချုပ်ရာ ဗန်းမောက်မြို့နယ်မြောက်ပိုင်းဒေသသို့၎င်း သယ်ယူတင်ပို့ခွင့် ပိတ်ပင်ထားတာလဲဖြစ်ပါတယ်။

“ လယ်တွေဘာတွေ လုပ်ကြရတယ်၊ ဆီကတော့ အကန့်သတ်နဲ့ထုတ်ပေးတယ်၊ တစ်ရွာလျှင် ဘယ်လောက်ဆိုပြီး ထုတ်ပေးတယ်၊ ပေပါနဲ့ အကန့်သတ်နဲ့ပါ့အေး၊ တစ်လုံး၊နှစ်လုံး၊ အဲ့လို ရွာကြီးရင် ကြီးသလိုပါညယ်” လို့ ဗန်းမောက်တောင်းပိုင်းဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောပြပါတယ်။

မိုးရာသီ လမ်းပန်းဆက်သွယ်ရေးအခက်ခဲနှင့် တော်လှန်ရေးအင်အားစုများရဲ့ လမ်းကြောင်းကန့်သတ်ပိတ်ပင်မှုတွေကြောင့် ကုန်စည်ဈေးနှုန်းတွေ မြင့်တက်နေပြီး စက်သုံးဆီကန့်သတ်တာက တောင်သူလယ်သမားတွေတွက် ပိုမိုခက်ခဲစေတာလဲဖြစ်ပါတယ်။

“ ဘာလို့လဲတော့မသိတော့ပါဘူးညယ်၊ နယ်ခံတွေ လယ်သမားတွေကတော့ လောလောဆယ် လယ်လုပ်ဖို့ဒီဇယ်တွေလိုတာပေါ့ ၊ ငါတို့ရွာကတော့ ၅ လုံးရတယ် ၊ နှစ်ဖြတ်ထုတ်လို့ရတယ်၊ တစ်ဖြတ်ကို ၅ လုံးရတယ် ထိပ်ဖူးဆီတွေ” လို့ ဗန်းမောက်မြို့နယ်တောင်ပိုင်း ရွာတစ်ရွာမှ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်ကကတည်းက ကန့်သတ်ထုတ်ဝေရောင်းချပေးလာတာဖြစ်ပြီး ခွဲတမ်းကျရရှိလာသော ဒီဇယ်ဆီများကို မိမိတို့ကျေးရွာတွင်း လယ်ဧက အနည်းအများပေါ်မူတည်ပြီး ဂါလံခြင်းစီဖြင့်သာ ပြန်လည် ဝေငှရောင်းချအသုံးပြုကြရတာလို့ ၎င်းက ဆက်လက်ပြောပြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ KIA ဦးဆောင်တဲ့ NUG,PDFတွေက စစ်ကောင်စီတပ်များကို ရိက္ခာဖြတ်တောက်မှုပြုနေပေမယ့် စစ်ကောင်စီက လေယဉ်အသုံးပြုကာ ရိက္ခာသယ်ယူရရှိနေလို့ ဒေသခံပြည်သူလူထုသာ အထိနာနေပြီး တော်လှန်ရေးအင်အားစုများ ဝေဖန်ခံရမှုတွေ ရှိလာနေပါတယ်။

ဗန်းမောက်မြို့နယ်မှာ နှစ်စဉ်စပါးစိုက်ပျိုးတဲ့ ဧက သုံးသောင်းကိုးထောင်နီးပါးရှိနေပြီး စပါးတင်းပေါင်း ၃ သန်းခွဲကျော်ထွက်နေတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *