
ဇွန် ၁၉ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်အတွင်းက NUG သိမ်းပိုက်စိုးမိုးထားတဲ့ ရွှေပြည်အေးမြို့အနီးရှိ PDF တပ်တွေရဲ့ ကာကင်း ၆ ခုကို ဇွန်လအတွင်းမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
တီလောင်ကျေးရွာရဲ့ တောင်ဘက်မှာရှိတဲ့ ကာကင်းစခန်း ၁ ခုကို SNA တပ်မဟာ ၈၉၁ က ဇွန်လ ၁၅ ရက်နေ့မှာ သိမ်းပိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကလည်း တီလောင်ကျေးရွာတောင်ဘက်မှာရှိတဲ့ HPDF ရဲ့ တပ်စခန်း ၅ ခုကို SNA တပ်မဟာ ၈၉၁တပ်ရင်း ၂ က တိုက်ယူခဲ့တယ်လို့ ဆိုထားပါတယ်။
“ အစပိုင်းကတော့ သူတို့ဖက်က ချင်းတွင်းမြစ်ကမ်းဘေးနားမှာပဲ နေကြပြီးတော့ တဖြေးဖြေးနဲ့ ကျနော်တို့စခန်းနားကို တိုးကပ်လာတာကြောင့် ကျနော်တို့ဖက်က တန်ပြန်တိုက်စစ်ဆင်လိုက်တာ ဖြစ်တယ်။ အဲဒီမှာ သူတို့စခန်း (၅) ခုကို တစ်ရက်ထဲ သိမ်းလိုက်နိုင်ခဲ့တယ်။” လို့ SNA ရဲ့ တာဝန်ရှိသူတစ်ဦးက သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
စခန်းတွေကို သိမ်းပိုက်မှုနဲ့အတူ လဝက်အတွင်းမှာ လက်နက် ၅ လက် နဲ့ ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရွှေပြည်အေးမြို့နဲ့ အနီးရှိ ကျေးရွာတွေမှာ တပ်တွေထိုင်ထားကြဆဲဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
ရွှေပြည်အေးမြို့ဟာ ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ မြို့တစ်ခုဖြစ်ပြီး အမြန်ရေယာဉ်တွေ ဖြတ်သန်းသွားမှုကို ထိန်းချုပ်ကာ ကုန်စည်စီးဆင်းမှုတွေကို ထိန်းချုပ်နိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
ဒီမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ NUG နဲ့ KIA+PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ စိုးမိုးထိန်းချုပ်ထားဆဲလည်းဖြစ်ပါတယ်။
ရွှေပြည်အေးမြို့ကို ယခင်စစ်အစိုးရဟောင်း ဦးသာအေးက တည်ခဲ့တာဖြစ်ပြီး ထမံသီတဇုံး ရေအားလျှပ်စစ် စီမံကိန်းအတွက် ပြောင်းရွေ့နေရာအဖြစ် သတ်မှတ်ခဲ့တဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။
မြို့ပေါ်မှာ အိမ်ထောင်စု ငါးရာကျော်ရှိပြီး လူဦးရေ နှစ်ထောင့်ငါးရာ နေထိုင်သလို အများစုဟာ ဟုမ္မလင်းမြို့ကို ယနေ့အချိန်ထိ စစ်ဘေးတိမ်းရှောင်နေကြရဆဲလည်းဖြစ်ပါတယ်။
