
အောက်တိုဘာ ၆ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ PDF + KIA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
“ဗန်းမောက် တောင်ပိုင်းမှာ စစ်ဖြစ်နေဆဲပဲ၊ အလယ်ကံရွာ ၊ ကျောက်အိုင်ရွာ ပေပင်ရွာမှာ စကစတွေတပ်ထိုင်ထားတယ်။ စီးမော်မှာတော့ PDF တွေရှိတယ်” လို့ ဒေသခံတစ်ဦးက Massage ပေးပို့ပြောဆိုလာပါတယ်။
စက်တင်ဘာလကုန်ကစပြီး စစ်ကောင်စီစစ်ကြောင်းက အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်ချင်းဆက်လမ်းပိုင်းတွေဆီကို ဝင်ရောက်လာကာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဗန်းမောက်တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲဆက်စပ်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ရဲ့ ဂျက်လေယာဉ်တစ်စီးက ညနေပိုင်းမှာ တောင်ပိုင်းဒေသတွေမှာ ဗုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မနေ့က တစ်နေ့လုံးနီးပါး လက်နက်ပစ်ခတ်သံတွေကြားရပြီး အောက်တိုဘာ ၆ ရက်နေ့မှာတော့ တည်ငြိမ်မှုတွေရှိနေတယ်လို့ ဗန်းမောက်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။
ဗန်းမောက်တောင်ပိုင်းဒေသမှာ ဇွန်လကုန်ပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာဆယ်နဲ့ချီက ဗန်းမောက်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်ထွက်ပြေးခဲ့ပြီး ဇူလိုင်လဆန်းမှ မူလဌာနေကို ပြန်သွားခဲ့ကြတာလည်းဖြစ်ပါတယ်။