ဗန်းမောက်မြို့နယ် ပြည်သူ့စစ်(ဌာနေ) အတွက် စစ်ကောင်စီက လက်နက်တပ်ဆင်

ဇန်နဝါရီ ၁၈ ၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ် မြနန္ဒရပ်ကွက် ပြည်သူ့စစ်(ဌာနေ)အတွက် စစ်ကောင်စီက လက်နက်တပ်ဆင်အပ်နှင်းမှုတွေကို မနေ့က ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဗန်းမောက်မြနန္ဒရပ်ကွက်ပြည်သူ့စစ်(ဌာနေ)အတွက် လက်နက်တပ်ဆင်မှုကို ဟုမ္မလင်းမြို့နယ် ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်အတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဟုမ္မလင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး နဲ့ အမှတ်(၃)ရှေ့တန်းအခြေချဗျူဟာမှူးတို့က ပြည်သူ့စစ်တွေဆီကို လက်နက်ခဲယမ်း အပ်နှင်းခဲ့ကြတာလို့ဆိုပါတယ်။

ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက် ပြည်သူ့စစ် (ဌာနေ)အတွက် စစ်ကောင်စီဘက်က လက်နက်နှင့် ခဲယမ်း မည်မျှ အပ်နှင်းသည်ကိုတော့ မသိရပေ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှာလည်း ဗန်းမောက်မြို့ မြို့မပြည်သူ့ စစ်တွေအတွက် လက်နက် တစ်ရာကျော် တပ်ဆင်ပေးအပ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့မှာ ယခင်က ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းတည်ထောင်ခဲ့မှုတွေရှိခဲ့ပြီး ပြည်သူ့စစ်များကို စစ်ကောင်စီက ပြန်လည် တိုးချဲ့ဖွဲ့စည်းမှုတွေ ဆက်လုပ်နေတာလို့ န်းမောက်ပြည်သူ့စစ်နဲ့ နီးစပ်သူ တစ်ဦးကဆိုပါတယ်။

ဗန်းမောက်မြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့တစ်ခုဖြစ်ပြီး  ရှမ်းနီအမျိုးသားများတပ်မတော် SNA ၊ စစ်ကောင်စီ စစ်ကြောင်း ၊ ပြည်သူ့စစ် ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ KIA တို့ လှုပ်ရှားကြတဲ့ ဒေသလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ ပြည်သူ့လုံခြုံရေး ကဏ္ဍကို အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ ပြောဆိုမှုများရှိလာပြီးတဲ့နောက် ပြည်သူ့စစ်ဖွဲ့စည်းမှုများကို ဆက်တိုက်ပြုလုပ်လာနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *