အောက်တိုဘာ ၂၉ ၊ ရှမ်းနီအသံ
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားမယ့် သတင်းတွေကြောင့် မြို့ခံများက မြို့ကနေ ကျေးရွာတွေဘက်ကို တိမ်းရှောင်မှုတွေရှိနေကြောင်း ဒေသခံတွေကပြောဆိုပါတယ်။
မြို့ပေါ်ကို အောက်တိုဘာလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး မြို့ပေါ်မှ ဒေသခံများအားလုံးတိမ်းရှောင်ဖို့ KIA+PDF ပူးပေါင်းတပ်ဖွဲ့များက သတိပေးကြောင်း သတင်းများထွက်ပေါ်ပြီးနောက် ဒေသခံတချို့တိမ်းရှောင်နေကြတာဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ အထုတ်တွေလည်းရွေ့ထားတယ်။ အိမ်တွေမှာလည်း လူသိပ်မရှိတော့ဘူး။ ဒါ့ပေမယ့် မြို့ပေါ်က အကြီးအကဲတွေက လူရွေ့ရင်အိမ်ချိတ်ပိတ်မှာ အဲ့ခါကျတော့ လူတွေကတော့ရှိတယ်။ ခါတိုင်းထက်ကိုလူခြေနည်းသွားတာပေါ့၊ အိမ်စောင့်လောက်ပဲရှိတော့တာ “ လို့ ဒေသခံကုန်သည်အမျိုးသမီးတစ်ဦးကဆိုပါတယ်။
မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမယ်လို့ ဟု သတိပေးထားပြီးနောက် ရက်ပိုင်းအကြာတွင် ဒေသခံ အများစုက ပစ္စည်းပြောင်းရွေ့မှုများပြုလုပ်ကြပြီး မြို့ပေါ်တွင် နေထိုင်သူများက ဆက်လက်ရှိနေဆဲလို့လည်းဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရှိရာ စစ်ဗျူဟာကုန်း ၊ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဝဲပြီးခြိမ်းခြောက်မှုတွေပြုလုပ်နေသည့်ဟုလည်း ဒေသခံတွေကဆိုသည်။
“ လွန်ခဲ့တဲ့ သုံးရက်ကတည်းက စတာပေါ့၊ ဒရုန်းနဲ့လာလိုက် ၊ဒီဘက်က လက်နက်ကြီးနဲ့ပစ်လိုက် အဲ့လိုမျိုး လက်နက်ကြီးသံတွေကြားရတယ်။ ပြည်သူတွေကလည်း ပြေးတဲ့လူတွေလည်းပြေးကြတယ် ။ မပြေးတဲ့သူတွေကလည်း မပြေးကြဘူး။ ပြည်သူတွေကလည်း သုံးပုံနှစ်ပုံကတော့ ပျောက်သွားတယ်” လို့ လေသာကုန်းရပ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့တွင် KIA+PDF ပူးပေါင်းတပ်ဖွဲ့များက အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အသေးစိတ် အချက်အလက်များကိုတော့ မသိရသေးပေ။
ဗန်းမောက်မြို့တွင် မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမည့်သတင်းများကြောင့် ၂၀၂၁ ခုနှစ် မှ ၂၀၂၄ ခုနှစ်အထိသုံးကြိမ်တိုင်မြို့၏ လူဦးရေသုံးပုံတစ်ပုံက ခတ္တရှောင်တိမ်းမှုများပြုလုပ်ခဲ့သော်လည်း မြို့ပေါ်တွင် တစ်ကြိမ်သာ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပါတယ်။