မန္တလေး-မြစ်ကြီးနားလမ်းပိတ် ခရီးသည်များ ကွင်းလမ်းကနေ သွားလာနေရ

ဩဂုတ် ၂၉ ၊ မိုးညှင်း
မန္တလေး-မြစ်ကြီးနားလမ်းမပေါ်က အင်းတော်မြို့ကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်နေတာကြောင့် မိုးညှင်း ၊ မိုးကောင်း ၊ မြစ်ကြီးနား ၊ ဗန်းမော် မြို့သို့ သွားလိုတဲ့ ခရီးသည်များအနေနဲ့ ကွင်းလမ်းကနေ ဆိုင်ကယ် ကယ်ရီတွေနဲ့သာ သွားလာနေရတယ်လို့ သိရှိရပါတယ်။

မန္တလေး-မြစ်ကြီးနားလမ်းမပေါ်ရှိ အင်းတော်မြို့မှာ ဩဂုတ်လ ၁၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲကြောင့် ကုန်ကားနှင့် ခရီးသည်တင်ကားများ ဖြတ်သန်းသွားလာခွင့် မရခဲ့တာဟာ နှစ်ပတ်ခန့် ရှိခဲ့ပြီဖြစ်ပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် ကုန်ကားနှင့် ခရီးသည်တင်ကားများ ဖြတ်သန်းသွားလာခွင့် မရရှိသည့်အတွက် ဗန်းမောက်မြို့နယ်နှင့် ကချင်ပြည်နယ်ကို သွားလိုသည့် ခရီးသည်တွေအနေနဲ့ မန္တလေးမြို့ကနေ မဲဇာတောင်ခြေအထိ တစ်ယောက်လျှင် အနည်းဆုံး တစ်သိန်းကနေ အများဆုံး တစ်သိန်းသုံးသောင်းကျပ်အထိ ပေးပြီး သွားလာနေရတာပဲ ဖြစ်ပါတယ်။

မဲဇာတောင်ခြေကနေတစ်ဆင့် ဗန်းမောက်မြို့နယ်နှင့် ကချင်ပြည်နယ်ဘက်ကို ရောက်ရှိဖို့အတွက် ခရီးသည်တွေက မော်လူးမြို့အထိ ဆိုင်ကယ်ကယ်ရီတွေနဲ့ ထပ်မံငှားရမ်းပြီး သွားလာနေရတယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“မဲဇာတောင်ခြေကနေပြီးတော့ ကွင်းလမ်းကနေ ပြီးတော့ ဆိုင်ကယ်သမားတွေနဲ့ ဆင်းတာ။ ဆိုင်ကယ်သမားတွေ အသွားကို ငါးသောင်း ဒီကနေ မဲဇာတောင်အထိက တစ်သိန်း။ ဟိုးဘက်ကားခတွေ အကုန်လုံးက ခရီးသည်တွေ သူ့ဘာသာသူ အကုန်လုံးပေးရမှာ။ ဘယ်လောက်ကျကျပေါ့ သူ့ဘာသာသူ အကုန်ပေးပေါ့။”” လို့ သူကပြောပါတယ်။

မဲဇာတောင်ခြေကနေတစ်ဆင့် ခရီးသည်တွေကိုသာ ဆိုင်ကယ်တွေနဲ့ သယ်ဆောင်ပေးနေပြီး ကုန်ပစ္စည်းတွေကိုတော့ သယ်ယူပို့ဆောင်ခွင့် မရှိသေးဘူးလို့လည်း သိရှိရပါတယ်။

မြို့သိမ်းတိုက်ပွဲကြောင့် လမ်းပိုင်းပိတ်ထားတာ နှစ်ပတ်နီးပါးကြာမြင့်လာနေပြီး စစ်ကောင်စီ ရော တော်လှန်ရေးအင်အားစုများကလည်း မန္တလေး-မြစ်ကြီးနား လမ်းပိုင်းကို ပိတ်ထားတာဖြစ်ပါတယ်။

ကချင်ပြည်နယ်ကို သွားတဲ့ ယာဉ်လိုင်းတွေဟာလည်း စျေးနှုန်းလေးဆကျော်အထိမြင့်တက်လာနေပြီး မန္တလေး-ဗန်းမော်လိုင်းကားခ တစ်ဦးလျှင် ကျပ် လေးသိန်းကျော်အထိ မြင့်တက်နေပါတယ်။

လမ်းပိုင်းပိတ်ပင်ထားမှုတွေကြောင့် ကချင်ပြည်နယ်က ကုန်စည်တချို့ပြတ်လပ်ကာ လေကြောင်းလိုင်းနဲ့သာ ပစ္စည်းတွေသယ်ယူနေရကြီး စျေးနှုန်းတွေလည်း မြင့်တက်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *