
ဇွန် ၁၉ ၊ မမုန်ကိုင်
အင်းတော်ကြီးဒေသ မမုန်ကိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းက သံဃာတော်နှစ်ပါးကို KIA က ဇွန်လ ၁၁ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
“ ကျောင်းထိုင်ဘုန်းကြီးရဲ့အစ်ကိုနဲ့ နောက်ထပ်တစ်ပါးကို လာရောက်ဖမ်းဆီးသွားတယ်။ ၁၁ ရက်နေ့ နေ့လည်ကိုလို့ သိရတယ်။ မမုန်ကိုင်က ခန်းနေဦးဇင်း နဲ့ ဦးဇင်းနှစ်ပါး ၊ ဆန္ဒပြပွဲမှာ လော်(လက်ကိုင်အသံချဲ့စက်) ကိုင်ထားတဲ့နှစ်ပါး ” လို့ ဒေသခံတစ်ဦးက အချက်အလက်ကို ပေးပို့ပြောပြပါတယ်။
ဖမ်းဆီးခံရတဲ့ သံဃာနှစ်ပါးထဲက တစ်ပါးဟာ လက်ရှိကျောင်းထိုင်ဆရာတော် ဦးသီလာနန္ဒနဲ့ အစ်ကိုတော်စပ်သူဖြစ်ပြီး လူအမည်က ဦးသန်းလွင်ဖြစ်ပြီး နောက်ထပ်တစ်ပါးက ဦးဓနိယ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးကို လာရောက်ဖမ်းဆီးသွားရတဲ့အကြောင်းအရင်းကိုတော့ တိတိကျကျမသိရှိရသေးသလို စုံစမ်းနိုင်ရေးအတွက် ကျေးရွာအတွင်း အင်တာနက်နဲ့ ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံထားရတာဖြစ်ပါတယ်။
မမုန်ကိုင်ကျေးရွာက သာသနာနယ်တွေလည်းဖြစ် ၊ ကျေးရွာပိုင်မြေလည်းဖြစ်တဲ့ စာသင်ကျောင်းနဲ့ ဘောလုံးကွင်းကို ရွှေတူးဖော်ဖို့ KIA နဲ့ လုပ်ငန်းရှင်တွေ လုပ်ဆောင်လာတဲ့အပေါ် သံဃာတော်တွေနဲ့ ကျေးရွာသားတွေက ဇွန်လ ၈ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပြီး နာရီပိုင်းအကြာမှာပဲ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်တဲ့သူကိုလည်း အဲ့နေ့ကတည်းက KIA က လိုက်လံစုံစမ်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ဖြေဆိုထားခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ ထိုသံဃာတော်နှစ်ပါးက အသံချဲ့စက်ကိုင်ပြီး ပါဝင်ခဲ့သူတွေလည်းဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ကိစ္စကလည်း ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြမှုနဲ့ ဆက်စပ်နိုင်တယ်လို့လည်း အင်းတော်ကြီး ဒေသခံတချို့က ယူဆထားကြပါတယ်။
