ဩဂုတ် ၂၈ ၊ မိုးကောင်း
မိုးကောင်းမြို့ ၊ နတ်ကြီးကုန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သြဂုတ်လ(၂၇)ရက်နေ့တွင် စစ်ကြောရေးအတွင်းမှာ သေဆုံးသွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ဆုံးတာကတော့ စစ်မေးရင်းနဲ့ဆုံးတာပဲနေမှာပေါ့ ၊ ဟိုမှာပဲဆုံးတယ်ဆိုတော့ သူတို့ကတော့အမောဖောက်တယ် ဘာညာပြောခိုင်းတာပေါ့ ဆေးရုံပို့ရင်းနဲ့ဆုံးတယ်ပေါ့ အေ့လိုပြောခိုင်းတာပေါ့” ဟု မြို့တွင်းနေထိုင်သူ တစ်ဦးက ဆိုပါတယ်။
မိုးကောင်းမြို့၊စျေးကုန်းရပ်ကွက်အတွင်းရှိ အ.ထ.က(၁) စာသင်ကျောင်းအနီးတွင် သြဂုတ်လ (၁၉)ရက်နေ့က ကျောင်းကြိုလာသည့် စစ်တပ်ကားတစ်စီး ပစ်ခံလုပ်ကြံခံရပြီးနောက် နောက်တစ်ရက်တွင် စစ်တပ်မှ အဆိုပါသေဆုံးသူနှင့်အတူ မိသားစုဝင် (၃)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
စစ်ကြောရေးအတွင်း သေဆုံးသွားသူဟာ အသက်(၄၀)ဝန်းကျင် အရွယ်ရှိ ဦးဝဘော်တန်ဂွမ်း ဖြစ်တယ်လို့သိရပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ သေဆုံးသွားသူရဲ့ သားနှင့် ဇနီးဖြစ်သူကိုတော့ (၂၇)ရက်နေ့မှာပဲ ပြန်လည်လွှတ်မြောက်လာတယ်လို့ သိရပါတယ်။
“ ဖမ်းတာတော့ သေနတ်ပစ်တဲ့ကိစ္စဖြစ်ပြီးတော့ နောက်ရက်ကိုဖမ်းတာ လူကတော့အများကြီးဖမ်းသွားတာ ရပ်ကွက်ပေါင်းစုံ ဖမ်းသွားတယ်ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျောင်းကြိုလာသည့် စစ်တပ်ကား ပစ်ခတ်ခံရပြီးနောက် မိုးကောင်းမြို့ရှိ ဒေသခံအများအပြားကို ဖမ်းဆီးသွားတာ ဖြစ်သည်ဟု ဒေသခံများရဲ့ ပြောဆိုမှုအရ သိရပါတယ်။