ဒီဇင်ဘာ ၂၆ ၊ မိုးညှင်း
ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်အတွင်းမှာ ၂၀၂၄ ခုနှစ် နှစ်စကနေ ယခုလဒီဇင်ဘာလ (၂၆)ရက်နေ့အထိ တစ်နှစ်တာအတွင်း တန်ဖိုးကျပ်(၁)ဘီလီယံကျော်ရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ဖမ်းဆီးရမိခဲ့ပါတယ်လို့ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရသိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့ CCDAC Myanmar ရဲ့ ထုတ်ပြန်ခဲ့မှုတွေကို ရှမ်းနီအသံမှ စာရင်းပြုစုထားတာဖြစ်ပြီး စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ( ၆၄၇၄၂၀)(ခြောက်သိန်းကျော်) တန်ဖိုးအားဖြင့် ကျပ်(၁၀၀၅၃.၃) (၁)ဘီလီယံကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တစ်နှစ်အတွင်းမှာပဲ ဘိန်းဖြူနဲ့ ဘိန်းစိမ်းတို့ကိုပါ ဖမ်းဆီးရမိမှုထဲ ကျပ်သိန်း(၃၅၇၀)တန်ဖိုးရှိတဲ့ ဘိန်းဖြူအလေးချိန်စုစုပေါင်း (၁၉.၅၉)ကီလိုနဲ့ ဘိန်းစိမ်းအလေးချိန်စုစုပေါင်း (၂၁)ကီလို ကျပ်တန်ဖိုးအားဖြင့် (၂၅၂)သိန်းတို့ကိုပါ ဖမ်းဆီးရမိခဲ့တာကို တွေ့ရပါတယ်။
ဒီဖမ်းဆီးရမှုတွေဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်စပ်ဖြစ်တဲ့ မိုးညှင်းမြို့နယ် ၊နန့်စီးအောင် စစ်ကောင်စီပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တွေ့ရှိခဲ့တာတွေဖြစ်ပြီး မေလက သိန်း(၇)ရာနီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေကို အများဆုံးဖမ်းဆီးတွေ့ရှိခဲ့တဲ့လဖြစ်ခဲ့ပါတယ်။
မူးယစ်ဆေးဝါးထဲက ဘိန်းဖြူနဲ့ စိတ်ကြွရှူးသွပ်ဆေးပြားတွေဟာ ရှမ်းပြည်နယ်မှ မန္တလေးတိုင်း ၊ အဲ့ဒီကနေတဆင့် ကချင်ပြည်နယ်သို့ သယ်ယူတာဖြစ်တယ်လို့ သိရပါတယ်။
စိတ်ကြွရူးသွပ်ဆေးပြားကို လူငယ်တွေအများဆုံးသုံးစွဲတာဖြစ်ပြီး ဆေးတစ်ပြားလျှင် ကျပ်(၂၀၀၀)ခန့်ဖြင့်ဝယ်ယူရရှိနိုင်ရုံသာမက သုံးစွဲသူများကို စိတ်အတက်အကျမြန်ခြင်းနဲ့အစာစားချင်စိတ်လျော့နည်းခြင်းတို့ ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။