မိုးသီးတွေကျလို့ စိုက်ခင်းတွေနဲ့ နေအိမ်များပျက်စီး

မတ်လ ၁၆၊ မိုးကောင်း

မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့တွင် မတ်လ ၁၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးအရွယ်အစားကြီးတဲ့ မိုးသီးများကျကာ နေအိမ်များထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ညနေ ၆ နာရီ ဝန်းကျင်မှ စတင်ကာ ရွာသွန်းခဲ့ပြီး နာရီဝက်ခန့်ကြာအရွယ်အစားကြီးတဲ့ မိုးသီးများကြွေကျခဲ့ပြီး မြို့ပေါ်က နေအိမ်တစ်ချို့ရဲ့ ခေါင်မိုးတွေပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မိုးသီးများ ကျရောက်မှုကြောင့် မိုးညှင်းမြို့နယ် လက်ပံတန်းကျေးရွာမှာလည်း ရာသီပေါ်ဖရဲစိုက်ခင်းများတော်တော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်အလားတူ ဝိုင်းမော်မြို့မှာလည်း ဧရာဝတီမြစ်ရေများမြင့်တက်လာမှုကြောင့် မြစ်ကြောတစ်လျှောက်ရှိစိုက်ခင်းများ ရေနစ်မြှပ်မှုများဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“အောက်ရိုးက ခြံတွေမြှပ်သွားပြီလို့ ပြောတယ်မနက်ကသွားကြည့်သေးတယ် ရေကတက်နေတုန်း နှစ်ရက်လောက်တော့ရှိပြီ မုန်တိုင်းရှိတယ်လို့ ပြောတယ်လေ” လို့ဒေသခံတစ်ဦးကအခုလိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ မိုးတိမ်တောင်များဖြစ်ထွန်းနေသောကြောင့် နေရာတလျှောက်မှာ လေပြင်းတိုက်ခတ်ခြင်းနဲ့  မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *