

ဩဂုတ် ၂၉ ၊ မိုးညှင်း
မိုးညှင်းမြို့နယ်အတွင်းကို မူးယစ်ဆေးဝါးသုံးစွဲသူအိမ်ခြေယာမဲ့များအား လက်နက်ကိုင်အမည်မသိအဖွဲ့အစည်းတစ်ခုက ဒီလပိုင်းမှာ မကြာခဏလာရောက်စွန့်ပစ်မှုတွေရှိလာနေတယ်လို့ ဒေသခံများထံမှသိရပါတယ်။
“ လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကတော့ ဇီးကုန်း၊ ကွင်းကြီးဘက်မှာ အင်းတော်ကြီးဘက်ကနေဆေးသမားတွေကို ကားနဲ့တင်ခဲ့ပြီး လမ်းစရိတ် တစ်ယောက်တစ်သောင်းပေးပြီး တောင်အောက်ခြေမှာ လာချထားတယ်လို့ကြားတယ် ဘယ်သူလာပစ်သွားမှန်းမသိကြဘူး”ဟု နန့်မွန်းတောင်ခြေအနီးရှိ ကွင်းကြီးကျေးရွာသားတစ်ဦးက အခုလိုပြောပြပါတယ်။
ယခုလ သြဂုတ်လအတွင်းမှာ အင်းတော်ကြီး-မိုးညှင်းကွင်းလမ်းပေါ်ရှိ လယ်မှီးကျေးရွာအုပ်စု၊ကွင်းကြီးကျေးရွာနဲ့ ခုနှစ်မိုင်ကုန်းကျေးရွာအုပ်စု ဇီးကုန်းကျေးရွာအနီးတို့မှာ မူးယစ်ဆေးသုံးစွဲနေသူအိမ်ခြေယာမဲ့ဆယ်ချီကို တုံဖုန်းကားနှင့်လာရောက်စွန့်ပစ်ခဲ့ကြောင်း ဆိုကြပါတယ်။
စွန့်ပစ်တဲ့အဖွဲ့အစည်းကို မည်သည့်အဖွဲ့အစည်းဖြစ်ကြောင်း အမျိုးမျိုးပြောဆိုမှုတွေထွက်ပေါ်နေပေမယ့် တိတိကျကျသိရှိနိုင်ခြင်းမရှိပါဘူး။
ဒါ့အပြင် မိုးညှင်းမြို့နဲ့အနီးတစ်ဝိုက်မှာလည်း အခုလိုစွန့်ပစ်မှုတွေရှိနေပြီး ဒီလိုစွန့်ပစ်ခံရတဲ့သူတွေထဲမှာ အမျိုးသမီးတွေလည်းပါဝင်နေသလို အများအားဖြင့်အမျိုးသားများဖြစ်တယ်လို့ သိရပါတယ်။
“ အခုသူတို့တွေမြို့ထဲမှာ ပိုက်ဆံတွေလိုက်တောင်းနေတာ မိန်းကလေးလည်းရှိတယ် ယောင်္ကျားလေးလည်းရှိတယ် စျေးဆိုင်အကြီးတွေမှာ လူအများကြီးစုတတ်တဲ့နေရာတွေမှာ အလှူခံတဲ့ပုံစံနဲ့ ငါးရာလေး စွန့်ပေးအုံး တစ်ထောင်လေးစွန့်ပေးအုံး အဲ့လိုမျိုးတွေရှိတယ်” ဟု မိုးညှင်းမြို့ခံတစ်ဦးက ဆိုပါတယ်။
၎င်းတို့တွေဟာ များသောအားဖြင့်မိုးညှင်းမြို့ပေါ်မှာ တောင်းရမ်းစားသောက်နေပြီး မြို့အတွင်းက လမ်းတွေမှာ လှည့်လည်သွားလာနေထိုင်နေကြကြောင်း သိရပါတယ်။
အခုလိုမြို့နယ်အတွင်းမှာ အိမ်ခြေယာမဲ့များအဆမတန်ပေါများလာမှုနောက်ဆက်တွဲအနေဖြင့် ခိုးဆိုးလုယက်မှုများလည်း ပိုမိုအဖြစ်များလာမှာကို ဒေသခံများစိုးရိမ်နေကြပါတယ်။
မိုးညှင်းမြို့နယ်က ကျေးလက်ဒေသတွေနဲ့ မြို့ပေါ်တွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေဟာ ပေါ်ပေါ်ထင်ထင် သုံးစွဲမှုတွေရှိနေပြီး နှိမ်နင်းနိုင်ခြင်းမရှိသေးပေ။
မိုးညှင်းမြို့နယ်အတွင်းက နန့်စီးအောင်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ ယခုနှစ် ၂၀၂၅ နှစ်စ ဇန်နဝါရီလနေ ယခုဇွန်လ(၂၆)ရက်နေ့အထိ (၆)လတာအတွင်း ဘိန်းဖြူတန်ဖိုး ကျပ်သိန်း( ၄၈၀၅ ဒသမ ၃၅ ) တွေ့ရှိခဲ့တယ်လို့ ရှမ်းနီအသံရဲ့ သတင်းမှတ်တမ်းအရသိရပါတယ်။
