မြန်မာနိုင်ငံမှာ နှစ်ရက်အတွင်း အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှု သုံးကြိမ်အထိရှိလာ 

ဩဂုတ် ၂၂ ၊ မန္တလေး 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကလေးမြို့အနီးမှာ ဒီနေ့ဩဂုတ်လ ၂၂ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်တွင် အင်အား အသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ခဲ့ပါတယ်။ 

မြေအောက်အနက် ၂၂ ကီလိုမီတာအနက်ကို အင်အား ရက်ချက်တာစကေး ၅.၂ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

မနေ့က ဩဂုတ်လ ၂၁ ရက်နေ့မှာလည်း ရန်ကုန်မြို့ ကွမ်းခြံကုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၈ မိုင်ခန့်အကွာ အနက် ၂၈ ကီလိုမီတာကို ဗဟိုပြုပြီးတော့ ပြင်းအား ၅ ဒသမ ၁ ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာလည်း အင်အားအနည်းငယ်ရှိတဲ့ ငလျင်တစ်ခုဟာ နေ့လည်ပိုင်းမှာ ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ 

မတ်လ ၂၈ ရက်နေ့နောက်ပိုင်းကစလို့ ငလျင်လှုပ်ခတ်မှုတွေဟာ အကြိမ်နှစ်ရာကျော်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ 

အခုရက်ပိုင်းအတွင်းမှာ ငလျင်လှုပ်ခတ်မှုတွေဟာ ခပ်စိပ်စိပ်ဖြစ်ပေါ်လာခဲ့ပြီး မိုးလေဝသနှင့်ဇလဗေဒ ဌာနကတော့ သတင်းအားလုံးထုတ်ပြန်နိုင်ခြင်းမရှိထားပါဘူး။ 

ငလျင်လှုပ်ခတ်မှုတွေဟာ စစ်ကိုင်းငလျင်ရဲ့နောက်ဆက်တွဲအဖြစ်ပြောဆိုမှုတွေရှိနေပြီး သတိထားကြဖို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြောဆိုနေကြပါတယ်။ 

မြန်မာမှာ စစ်ကိုင်းနှင့်မန္တလေးငလျင်ကြောင့် သေဆုံးသူ ၃၇၂၈ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦးရှိခဲ့ပြီး   ထိခိုက်ပျက်စီးမှုပမာဏက အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာက ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *