
ဖေဖော်ဝါရီ ၅ ၊ တမူး
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အတွင်း ဝင်ရောက်နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေထဲက (၂၇ )ဦးကို ပြည်နှင်ဒဏ်ပေးပြီး မြန်မာသို့ပြန်လည်ပေးပို့ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
အိန္ဒိယနိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီး မဏိပူရ်ပြည်နယ် Foreigners Detention Centre မှာ ထိန်းသိမ်းထားတဲ့ အမျိုးသား (၂၄) ဦးနဲ့ အမျိုးသမီး (၃ )ဦးကို ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ ပြန်လည် လွှဲပြောင်းပေးခဲ့တာလို့ဆိုပါတယ်။
မဏိပူရပြည်နယ်အစိုးရက ( ၁၉၄၆ )ခုနှစ် နိုင်ငံခြားသားများအက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ မြန်မာနိုင်ငံသား တွေကို နှင်ထုတ်ခဲ့တာဖြစ်တယ်လို့ အိန္ဒိယသတင်းတွေက ဆိုပါတယ်။
လိုအပ်တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအားလုံး ပြီးမြောက်ပြီးနောက် တမူးမြို့ရှိ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးဂိတ် အမှတ် ၁ ရဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိမှတစ်ဆင့် မြန်မာဘက်ကိုလွှဲပြောင်းခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတွင် မဏိပူရပြည်နယ်အစိုးဟာ ပြည်နယ်နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာသော မြန်မာနိုင်ငံသား (၂၆) ဦးကို ပြန်လည်ပေးပို့ခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေဟာ (၂၀၂၁) ခုနှစ်နောက်ပိုင်း အိန္ဒိယနိုင်ငံ မဏ်ိပူရ်ပြည်နယ်အတွင်းကို တရားမဝင််ဝင်ရောက်နေမှုများရှိခဲ့ပြီး အိန္ဒိယအစိုးရက ဖမ်းဆီးအရေးယူမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။
မြန်မာ-အိန္ဒိယ နယ်စပ် မဏိပူရ်ပြည်နယ်အတွင်းမှာ (၂၀၂၁) ခုနှစ်ကနေ (၂၀၂၄) ခုနှစ် မေလအထိ တရားမဝင် ဝင်ရောက်နေထိုင်သူ ငါးထောင်ကျော်ရှိခဲ့ပြီး နေရပ်ပြန်ပို့ရေးလုပ်ဆောင်နေတယ်လို့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် N Biren Singh ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ပြောဆိုခဲ့ပါတယ်။
မဏိပူရ်ပြည်နယ် ကမ်ဂျွန်ခရိုင်အတွင်းမှာ တရားမဝင် ရွေ့ပြောင်းနေထိုင်သူ (၅၄၅၇) ဦးကို စီစစ်တွေ့ရှိခဲ့ရပြီး ပြည်နှင်ဒဏ်ပေးရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။
အိန္ဒိယနိုင်ငံအတွင်းကို တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်သူ ငါးထောင်ကျော်ရှိပြီး အဲ့ထဲမှာ ရှမ်းနီ စစ်ဘေးတိမ်းရှောင်သူ သုံးထောင်နီးပါးရှိနေတာလည်းဖြစ်ပါတယ်။
တမူးမြို့နယ်အတွင်း သနန်ကျေးရွာ ၊ စိုးသာယာ ၊ အောင်ဇေယျကျေးရွာအတွင်း နေထိုင်ကြတဲ့ ရှမ်းနီတိုင်းရင်းသားတွေဟာ စစ်ကောင်စီတပ် နဲ့ ကူးကီး+ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံဘက်ကို (၂၀၂၃) ခုနှစ် ဒီဇင်ဘာလကတည်းက ထွက်ပြေးခိုလှုံခဲ့ကြရတာလည်းဖြစ်ပါတယ်။
