ဇူလိုင် ၂၃ ၊ နေပြည်တော်
ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ တာဝန်တွေကို စစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ လွဲပြောင်းရယူလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အာရုံကြောဆိုင်ရာရောဂါကြောင့် ဆေးခွင့်ရယူထားတဲ့အချိန်ကာလမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်တွေကို ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် ယာယီသမ္မတရုံးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကို စာပို့အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတရုံးက စာပို့အကြောင်းကြားပြီးနောက်မှာတော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) ဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက်ဖို့အတွက် စစ်ကောင်စီဥက္ကဌထံ ယာယီသမ္မတတာဝန်ဝတ္တရားများလွှဲပြောင်းခြင်းကို လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။
ဒီ ဇူလိုင်လကုန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလဆိုင်ရာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးတော့ သက်တမ်းတိုးဖို့အတွက် ကာလုံအစည်းအဝေးခေါ်ယူကျင်းပရမှာဖြစ်ပါတယ်။
ကာလုံအစည်းအဝေးတစ်ရပ်ကို နိုင်ငံတော်သမ္မတ ၊ ဒုတိယသမ္မတ ဒါမှမဟုတ် ယာယီသမ္မတတွေက ခေါ်ယူခွင့်ရှိတာဖြစ်ပြီး လက်ရှိမှာ သမ္မတတွေအားလုံးမရှိတော့တဲ့အတွက် သူ့တို့တွေရဲ့ တာဝန်ကို စစ်ကောင်စီဥက္ကဌက ရယူလုပ်ဆောင်သွားမှာပါ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ နိုင်ငံတော်အရေးပေါ်ကာလ ၆ ကြိမ်အထိ သက်တမ်းတိုးထားပြီလည်းဖြစ်ပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေဟာ အာရုံကြောအားနည်းရောဂါကြောင့် ဇွန်လ ၁၈ ရက်နေ့မှစတင်ကာ ဇူလိုင်လ ၃၀ ရက်နေ့အထိ ဆေးခွင့်ယူပြီး နေအိမ်မှာ အထူးဆေးကုသမှုအဖွဲ့၏ အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူနေရတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာထားပါတယ်။