ရွေးကောက်ပွဲကနေ  တိုင်းရင်းသားပါတီတွေ (၁၅)ရာခိုင်နှုန်းသာ  အနိုင်ရရှိတယ်လို့ဆို 

ဧပြီ ၉ ၊ ချင်းမိုင် 

စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)ရာခိုင်နှုန်းသာ နေရာရရှိခဲ့တယ်လို့  Burma News International (BNI)  ရဲ့ ရွေးကောက်ပွဲ သုတေသနအစီရင်ခံစာက ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီ(၂၉)ပါတီ ဝင်ပြိုင်ခဲ့ကြတာဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ ၁၅ ရာခိုင်နှုန်းနဲ့ ၁၅၅ နေရာပဲ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒီထဲ နေရာအများဆုံးနိုင်ခဲ့တဲ့ပါတီတွေက ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ)  (၃၉)နေရာနဲ့ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်က (၁၈)နေရာတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မဲထည့်သူအရေအတွက်ဟာလည်း ၂၀၂၀ ခုနှစ်ကထက် သိသိသာသာလျော့နည်းသွားပြီး  ၂၀၂၀ ခုနှစ်မှာ  လူဦးရေ ၃၈ သန်းရှိခဲ့ပေမယ့်  ယခုနှစ်၂၀၂၅ မှာ (၂၄)သန်းကျော်သာ ဆန္ဒမဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးက လူဦးရေ (၁၃)သန်းကျော် (၃၅)ရာခိုင်နှုန်းခန့် က မဲပေးခွင့်ဆုံးရှုံးခဲ့ပြီး  မဲပေးခဲ့သူက (၅၄)ရာခိုင်နှုန်းသာ ရှိနေတာလည်း ဖြစ်ပါတယ်။

မဲပေးခွင့်ဆုံးရူံးခဲ့သူတွေဟာ ၎င်းတို့ဒေသမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိမှုတွေနဲ့ ပဋိပက္ခတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရမှုတွေကြောင့်လဲ ပါဝင်နေပါတယ်။

စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာ ယုံကြည်လက်ခံနိုင်စရာမရှိဘဲ အတုအယောင်ရွေးကောက်ပွဲတာဖြစ်တယ်လို့ BNI က ဆိုထားပါတယ်။ 

မြို့နယ်ပေါင်း (၃၃၀)ခုရှိတဲ့အထဲ (၂၆၃)မြို့နယ်မှာသာ ရွေးကောက်ပွဲကျင်းပခဲ့ပြီး ကျန်တဲ့ (၆၇)မြို့နယ်မှာ လုံးဝမကျင်းပခဲ့ဘူးလို့ စာရင်းတွေက ဆိုထားပါတယ်။

ကျင်းပခဲ့တဲ့ မြို့နယ်တွေမှာလည်း ကွက်ကျားသာပါဝင်ခဲ့တဲ့ မြို့နယ်တွေလည်း ရှိနေပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ (၅၆)မြို့နယ်မှာသာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ဘူးလို့ ဆိုထားပြီး တော်လှန်ရေးအင်အားစုများ ချုပ်ကိုင်ထားတဲ့မြို့နယ်တွေနဲ့ စစ်ပွဲပြင်းထန်နေတဲ့ဒေသတွေဖြစ်တဲ့  ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *