ရွေးကောက်ပွဲကာလမှာ  လုံခြုံရေး ကဏ္ဍကို  ပါဝင်ပေးဖို့ NCA လက်မှတ်ထိုးထားတဲ့ EAOs တွေကို စစ်ကောင်စီပြော 

အောက်တိုဘာ ၁၅ ၊  နေပြည်တော် 

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)မှာ လက်မှတ်ရေးထိုးထားတဲ့  တိုင်းရင်းသားလက်နက်ကိုင်(EAOs)များကို ရွေးကောက်ပွဲပြုလုပ်လာရင်  လုံခြုံရေးကဏ္ဍတွေမှာ ပါဝင်ပူးပေါင်းပေးဖို့ စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

NCA သဘောတူစာချုပ်ချုပ်ဆိုခြင်း (၉)နှစ်ပြည့်ဖြစ်တဲ့  ဒီနေ့ အောက်တိုဘာလ (၁၅)ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းပြောဆိုမှုထဲ အခုလိုထည့်သွင်းတောင်းဆိုခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေရောက်အောင် ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။

ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲကာလများမှာ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေများကိုတွက်ဆပြီး လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်သလို သက်ဆိုင်ရာ EAO များကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ ပြောကြားလိုပါတယ်” လို့ သူကပြောပါတယ်။ 

သန်းခေါင်စာရင်းကောက်ယူပြီးဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲအကြိုကာလမှာလည်း EAOs တွေအပါအဝင် ပြည်သူတွေလည်း လုံခြုံရေးအမြင်တွေရှိကြဖို့ကို သူက ပြောဆိုထားပါတယ်။

လာမယ့် (၂၀၂၅)ခုနှစ် နိုဝင်ဘာလမှာ စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ယူနေတာ ဒီနေ့ အောက်တိုဘာ (၁၅)ရက်နေ့မှာနောက်ဆုံးရက်ရောက်ရှိလာပေမယ့် တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေ၊  တော်လှန်ရေးလက်နက်ကိုင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်ထားတဲ့ ဒေသတွေ ၊ ပဋိပက္ခများပြင်းထန်နေတဲ့ ဒေသများကိုတော့ ကောက်ယူခြင်းမရှိပါဘူး။

NCA (၉)​နှစ်ပြည့်တဲ့ ဒီနေ့မှာပဲ  လက်နက်ကိုင်ပြီး  လိုလားချက်တောင်းဆိုမှုတွေကို လိုက်လျောပေးသွားမှာမဟုတ်ပဲ နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့ နည်းတွေကိုသာ အသုံးပြုပြီး ညှိနှိုင်းကြဖို့ စစ်ကောင်စီက ထည့်သွင်းပြောဆိုထားပါတယ်။ 

သို့ပေမယ့် NAC လက်မှတ်ရေးထိုးတာ ၉ နှစ်ပြည့်လာပြီး  လက်မှတ်ရေးထိုးထားကြတဲ့ အဖွဲ့တွေထဲက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က ၂၀၂၃ ခုနှစ်မှာ ပျက်ပြယ်သွားပြီဖြစ်ကြောင်း ကြေညာထားပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ ကရင် အမျိုးသား အစည်းအရုံး၊ ဒီမိုကရက်တစ် ကရင်

အကျိုးပြုတပ်မတော် (DKBA) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ၊ KNU/KNLA Peace Council ၊  ချင်းအမျိုးသားတပ်ဦး ၊ ABSDF ၊  တို့က NCAစာချုပ်မှာ လက်မှတ်ရေးထိုးကြတာလည်းဖြစ်ပါတယ်။ 

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာတော့  လားဟူဒီမိုကရတ်တစ်ယူနီယံ ၊  မွန်ပြည်သစ်ပါတီ တို့က NCA မှာ လက်မှတ်ထပ်မံရေးထိုးကြပြီး စုစုပေါင်း ၁၀ ဖွဲ့အထိရှိလာတာလည်းဖြစ်ပါတယ်။

https://my.wikipedia.org/wiki/သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ

Leave a Reply

Your email address will not be published. Required fields are marked *