
ဖေဖော်ဝါရီ၆၊ ရန်ကုန်
သတ်မှတ်ရွှေစျေးနှုန်းနဲ့မဟုတ်ဘဲ ပြင်ပပေါက်စျေးတွေနဲ့ ရွှေတုံးရွှေခဲများကို ဝယ်ယူစုဆောင်းထားတယ်လို့ဆိုကာ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်အပါအဝင် ရွှေဆိုင်ပိုင်ရှင်(၃)ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကော်မရှင်ကဆိုပါတယ်။
သိန်းသန်းရွှေရတနာဆိုင်ပိုင်ရှင် ဦးမျိုးမြင့် ၊ ဒုဥက္ကဌဖြစ်သူ အကယ်ဒမီရွှေဆိုင်ပိုင်ရှင် ဦးမျိုးသူဝင်းနဲ့ အတွင်းရေးမှူးဖြစ်သူ ရွှေစင်အကယ်ဒမီရွှေဆိုင်ပိုင်ရှင် ဦးနေမျိုးထက်တို့(၃) ဦးကို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလိုဝယ်ယူစုဆောင်းခြင်းအပြင် တရားမဝင်ပြင်ပပေါက်စျေးနှုန်းများဖြင့်လည်း ပြန်လည်ရောင်းချခြင်းများ ပြုလုပ်ခဲ့တာကြောင့် ရွှေစျေးမြင့်တက်မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေတယ်လို့စ စ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ ပြောဆိုထားပါတယ်။
ရွှေလုပ်ငန်းရှင်များအသင်းဝင် တာဝန်ရှိသူများဖြစ်ပေမယ့် ရွှေစျေးနှုန်းကိုကြပ်မတ်ထိန်းသိမ်းခြင်းမရှိပဲ ယခုလိုပြုလုပ်မှုတွေကြောင့် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာ့ရွှေစျေးရဲ့ပြင်ပပေါက်စျေးဟာ အခေါက်ရွှေတစ်ကျပ်သားကို ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ ကျပ်သိန်း(၁၁၀)ကနေ (၁၂၀)နီးပါးအထိ တဟုန်ထိုးတက်ခဲ့ပြီး ယခုဖေဖော်ဝါရီအစမှာတော့ ကျပ်(၁၀၃)သိန်းကျော်အထိ တစ်ဖြည်းဖြည်းပြန်လည်ကျဆင်းလာပါတယ်။
စစ်ကော်မရှင်ရဲ့ သတ်မှတ်ရည်ညွှန်းစျေးက ကျပ်(၆၉)သိန်းရှိနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ (၂၀၂၄)ခုနှစ် ဇွန်လမှာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းအပါအဝင် ရွှေဆိုင်ပိုင်ရှင်နဲ့ ရွှေကုန်သည်(၁၀)ဦးကို ရွှေစျေးနှုန်းမတည်ငြိမ်အောင် ပြုလုပ်သည်ဟုဆိုကာ ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။
