ဇူလိုင်၆၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ပါတီကို စစ်ကောင်စီခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးပြီးပြီလို့ ဇူလိုင်လ (၅) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပါတီစစ်ဆေးခြင်းကို ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ (၃) ရက်နေ့အထိ ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှာ စစ်ဆေးခဲ့တာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
SNLD ပါတီက သူတို့ရုံးချုပ်ကို လာရောက်စစ်ဆေးဖို့အတွက်သာ ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ဆီကို သွားရောက်အစစ်ဆေးခံမှာမဟုတ်ကြောင်း ပြောဆိုမှုတွေရှိခဲ့ပါတယ်။
ပါတီဆက်လက်ရပ်တည်ဖို့ ရည်ရွယ်ပြီး လူမျိုးအကျိုး ပြည်နယ်အကျိုးနဲ့တစ်နိုင်ငံလုံးက အကျိုးတွေအတွက် ထောက်ရှု့ပြီးတော့ ပါတီဆက်လက်ရပ်တည်ဖို့လိုအပ်တာကြောင့် တွေ့ဆုံခဲ့ခြင်းဖြစ်တယ်လို့ SNLD ပါတီတွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွှန့်က သျှမ်းသံတော်ဆင့်သတင်းဌာန မှာဖြေကြားထားပါတယ်။
SNLD ပါတီက မြန်မာနိုင်ငံမှာ အင်အားကြီးတဲ့ တိုင်းရင်းသားပါတီတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ် ၊ကချင်ပြည်နယ် နဲ့ မန္တလေးတိုင်းတို့မှာ ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။
စစ်ကောင်စီက နိုင်ငံရေးပါတီတွေအားလုံးထဲမှာ ၈၅ ပါတီကို စစ်ဆေးခဲ့ပြီး ဆက်လက်စစ်ဆေးဖို့ကျန်ရှိတဲ့ပါတီ ၇ ပါတီသာကျန်တော့တယ်လို့ UEC က ဆိုပါတယ်။