ရှမ်းမြောက် လောက်ကိုင်မြို့မှာ ကိုးကန့်တပ်နဲ့ ပလောင်တပ်တို့ တွေ့ဆုံဆွေးနွေး ၊  မူဆယ်-လားရိူး လမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ထား 

မတ် ၁၇ ၊ လောက်ကိုင်

 ကွတ်ခိုင်မြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် ရှမ်းမြောက်ရှိ လောက်ကိုင်မြို့မှာ ကိုးကန့်တပ်ဖွဲ့(MNDAA)နဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ (PSLF/TNLA) ခေါင်းဆောင်ပိုင်းတို့  ဒီနေ့မတ်လ(၁၇)ရက်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသတွင်းသတင်းများအရ သိရပါတယ်။

 PSLF /TNLA ရဲ့ အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က  မတ်လ(၁၃)ရက်နေ့ကနေ စတင်ပြင်းထန်လာတဲ့ နှစ်ဖက်တိုက်ပွဲကို အမြန်အပြီးသတ်စေဖို့   တိုက်ပွဲနဲ့ဆက်လက်ဖြစ်ပွားတာမျိုးမဟုတ်ပဲ တွေ့ဆုံဆွေးနွေးခြင်းနဲ့ပြုလုပ်သွားမယ်လို့ ဧရာဝတီသတင်းဌာနကို ဖြေကြားထားပါတယ်။ 

မတ်လ(၁၄)ရက်နေ့ကနေ စတင်ပြီး ကွတ်ခိုင်မြို့တွင်းကို ကိုးကန့်တပ်ဖွဲ့များက ဒရုန်းဗုံးများ ၊လက်နက်ကြီး၊လက်နက်ငယ်များနဲ့  တိုက်ခိုက်ခဲ့သလို မြို့နယ်အတွင်းက ပလောင်တပ်ဖွဲ့များရဲ့ ရှေ့တန်းစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုတွေ စတင်ပြုလုပ်ခဲ့တယ်လို့ TNLA က မတ်လ(၁၄)ရက်နေ့မှာ  ဆိုထားပါတယ်။

ကိုးကန့်တပ်ဘက်ကလည်း  ကင်းလှည့်နေတဲ့ MNDAA တပ်ဖွဲ့ဝင်တွေကို TNLA  တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တန်ပြန်ခုခံတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီလို အပြန်အလှန်စွတ်စွဲမှုတွေနဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့ကြပြီးနောက် ယခု လောက်ကိုင်မြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ ကွတ်ခိုင်တစ်မြို့နယ်လုံးကို ကိုးကန့်တပ်များထိန်းချုပ်ထားပြီဖြစ်ပြီး  မနေ့က မတ်လ(၁၆)ရက်နေ့ကနေစတင်ပြီး မူဆယ်မြို့ကနေ လားရိူးမြို့အထိ ပြည်ထောင်စုလမ်းမကြီးကို ဖွင့်လှစ်ထားပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကွတ်ခိုင်တိုက်ပွဲကြောင့်  PSLF/TNLA ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ (၁၈)ဦးနဲ့ ဖမ်းဆီးခံရသူ (၁၀၀)နီးပါးရှိကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့ သတင်းအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *