လေပြင်းတိုက်ခိုက်မှုကြောင့် ရှမ်းမျိုးနွယ်စုများ စစ်ရှောင်စခန်းရှိ အဆောက်အဦး အများအပြားပျက်စီး

မေ ၂၂၊ မြစ်ကြီးနား

မြစ်ကြီးနားမြို့ပေါ်မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ရွှေပြည်သာရပ်ကွက် ရှိ ရှမ်းမျိုးနွယ်စုစစ်ရှောင်စခန်း (၂)က အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူများမှ သိရပါတယ်။

မနေ့က မေလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ လေပြင်းတိုက်ခတ်ခဲ့ပြီး အိမ်ခြေအဆောက်အအုံ ၂၀ ကျော်ပျက်စီးသွားတဲ့အထဲ  အဆောင် (၉)  ဆောင်က ထိခိုက်ဆုံးရှုံးမှုပိုများတယ်လို့ သိရပါတယ်။

အိမ်ခြေကတော့ အဆောင် ၂၀ လောက် ပျက်စီးမှုရှိတယ်။ ဒါပေမဲ့ ၉ ဆောင်က တအားအရေးကြီးတယ် တစ်ဆောင်ကိုလူ ငါးယောက်နဲ့ဆိုရင် အိမ်ထောင်စု ၅၀ လောက်က ဒုက္ခတော်တော်ရောက်သွားတယ်။သွပ်တွေလန်ပြီး စားနပ်ရိက္ခာတွေရော အစိုးရရုံးက လာပေးထားတဲ့ ဆန်တွေရော အကုန်စိုကုန်တော့တာလေ စားဝတ်နေရေးတော့ ဒုက္ခရောက်တာပေါ့ ” လို့စခန်းရှိ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁၀၀ ကျော်ထဲမှ အိမ်ထောင်စု ၅၀ က အဆောက်အဦးများ သွပ်မိုးများလန်ကျကာ အိမ်များယိုင်နဲ့ပြီး ဆန်နဲ့ စားနပ်ရိက္ခာအပါအဝင် တခြား အသုံးအဆာင်ပစ္စည်းများ မိုးစိုပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လောလောဆယ်တော့ အဖွဲ့အစည်းတွေက အစိုးရအဖွဲ့တစ်ဖွဲ့ပဲ လာပါသေးတယ်။ ယာယီလေးမိုးကာလေးနဲ့ အပေါ်ကနေ လိုအပ်တာလေးတွေလိုက်ပြီးတော့ လောလောဆယ်မိုးပေးဖို့ မိုးကာ လာပေးတယ် အဲဒီဝါးလေးတွေရောလာပေးတယ်” လို့ ၎င်းကဆိုပါတယ်။

ပျက်စီးသွားသော အဆောက်အအုံများကစစ်ရှောင်ပြည်သူများကို သက်ဆိုင်ရာအစိုးရဌာနက ဒီကနေ့ မေ ၂၂ နေ့ မနက်ပိုင်းက ယာယီမိုးကာ၊ ဝါးများနဲ့ လိုအပ်တာများကို လာရောက် ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပျက်စီးသွားတဲ့ အဆောင်ရှိ စစ်ရှောင်များကို အိမ်ထောင်စုများပေါင်းပြီး ခေတ္တယာယီ နေထိုင်ဖို့စီစဉ်ပေးနေတာတွေရှိနေသလို အိမ်ခြေများ အသစ်ပြန်လည်တည်ဆောက်နိုင်ရန် ဒေသတွင်းရှိ အဖွဲ့အစည်းများကို အကူအညီများပေးစေလိုကြောင်းတောင်းဆိုထားတာလည်းဖြစ်ပါတယ်။

အဆိုပါ စခန်းတွင် ဗန်းမော်မြို့နယ်နဲ့ ဆင်ဘိုမြို့၊ စံကင်းကျေးရွာ၊ တာလောကြီးကျေးရွာက ပြည်သူများနေထိုင်ကာ အိမ်ထောင်စု ၁၂၄ စုနဲ့ လူဦးရေ ၄၈၆ ဦးရှိပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစကာ စစ်ဘေးတိမ်းရှောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အကူအညီများအတွက် ဆက်သွယ်ရန်

စစ်ဘေးရှောင်စခန်းတွေရဲ့အတွင်းရေးမှူး  ဦးကျော်စိုးမိုး၀င်း

၀၉၂၅၂၇၅၅၄၃၅

Leave a Reply

Your email address will not be published. Required fields are marked *