ဝိုင်းမော်မြို့ ရွှေညောင်ပင်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ (၁) ဦးသေဆုံးပြီး  ကားများမီးလောင်ပျက်စီးခဲ့

ဖေဖော်ဝါရီ ၅ ၊ ဝိုင်းမော်

ဝိုင်းမော်မြို့နယ်ထဲမှာ  ဝိုင်းမော်- လိုင်ဇာသွားလမ်းပေါ်ရှိ  KIA ထိန်းချုပ်ထားတဲ့ ရွှေညောင်ပင်ကျေးရွာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး  ဒေသခံ (၁) ဦးသေဆုံးကာ မော်တော်ကား(၁၅) စီးထက်မနည်း မီးလောင်ကျွမ်းသွားတယ်လို့ မြို့ပေါ်ရှိဒေသခံများထံမှ သိရပါတယ်။

“ မနက်ပိုင်း (၇) နာရီလောက်ထဲက စပစ်နေတာ ဟုတ်တယ်။ အဲ့နားသွားချတာတော့ (၂)နာရီ (၃) နာရီက ဖြစ်မယ်။ အဲ့ဒီမှာက သူတို့နယ်မြေဖြစ်သွားပြီလေဂိတ်ကိုပစ်တာလို့လည်းကြားတယ်” လို့ သူကဆိုပါတယ်။

မနေ့က ဇန်နဝါရီ (၄) ရက် နေ့လည်ပိုင်းလောက်က ရွှေညီကိုကားဝပ်ရှော့ဆိုင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ တာဖြစ်ပြီး (၁) ဦးသေဆုံးကာ (၂ ) ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုတွင် နေအိမ်တစ်လုံး၊ ဂျပန်ကား (၁၄ )စီး၊ ကုန်တင်ကား (၁၂) စီးနဲ့ ဆိုက်ကယ်တစ်စီး ပျက်စီးခဲ့ကြောင်း သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရပြီးနောက် KIA တပ်က အဲဒီလမ်းပေါ်ရှိ ယာဉ်များအားလုံးကို ဖြတ်သန်းခွင့်တွေ ခေတ္တပိတ်ခဲ့တယ်လို့လည်းသိရပါတယ်။

ရွှေညောင်ပင်ကျေးရွာရှိ ခ.မ.ရ (၃၂၁) တပ်စခန်းကို (၂၀၂၄ )ခုနှစ်၊ မေလထဲက KIA က တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီရွာမှာ ရှမ်းနီလူမျိုးများအများဆုံးနေထိုင်ပြီး  တိုက်ပွဲများကြောင့်  ပြီးခဲ့တဲ့ (၂၀၂၅) ခုနှစ် ထဲက မြစ်ကြီးနားမြို့နဲ့ ခတ်ချိုကျေးရွာများတွင် စစ်ဘေးတိမ်းရှောင်နေကြတာလည်း ဖြစ်ပါတယ်။

ဝိုင်းမော်မြို့အနီးတစ်ဝိုက်တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်နဲ့ KIA တို့ စစ်ရေးပြန်လည် တင်းမာနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားကာ လေကြောင်းတိုက်ခိုက် မှုများလည်းရှိ နေတာဖြစ်ပါတယ်။

ကချင်ပြည်နယ်ထဲမှာ ဗန်းမော် ၊​​ဝိုင်းမော် ၊ ဖားကန့်  နဲ့ အင်းတော်ကြီးဒေသတွေမှာ စစ်တပ်နဲ့ KIA+PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေဆဲလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *